ဟောင်ကောင်ဆန္ဒပြပွဲ ၁၀ ပတ်မြောက်ရောက်လာချိန် ရေအမြောက်ပစ်ခတ်မှုသရုပ်ပြပွဲ ပြုလုပ်
mmtimes.com
|
2019-08-12

ဟောင်ကောင်တွင်အဓိကရုဏ်းနှိမ်နင်းရေး ရေအမြောက်သရုပ်ပြပွဲ ပြုလုပ်စဉ်။အေပီ

ဟောင်ကောင်ဆန္ဒပြပွဲ ၁၀ ပတ်မြောက်ရောက်လာချိန် ရေအမြောက်ပစ်ခတ်မှုသရုပ်ပြပွဲ ပြုလုပ်

ဟောင်ကောင်၌ ဒီမိုကရေစီလိုလားသူများ၏ ဆန္ဒပြမှုများ ၁၀ ပတ်ထဲဝင်လာချိန် သြဂုတ် ၁၂ ရက်၌ ရဲတပ်ဖွဲ့ကအဓိကရုဏ်း နှိမ်နင်းရေးအထူးသံချပ်ကာယာဉ်တပ် ရေအမြောက်ပစ်ခတ်သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။

ဥပဒေပြုအမတ်များနှင့် စာနယ်ဇင်းများကို ဖိတ်ခေါ်ထားသည့် ရေအမြောက်သရုပ်ပြပွဲနှင့် လူအုပ်စုထိန်းချုပ်ရေးနည်းစနစ် ပြသပွဲ ပြုလုပ်ချိန်တွင် ဆန္ဒပြသူများသည် နိုင်ငံတကာလေဆိပ်နှင့်အဓိကဈေးဝယ်ဧရိယာရှိရာလမ်းများပေါ်တွင် လှုပ်ရှားနေကြသည်။

ပြီးခဲ့သည့်ဆန္ဒပြမှုများအတွင်း ရဲများက ဆန္ဒပြသူအချို့အားအကြမ်းပတမ်းဖမ်းဆီးခဲ့ပုံ မှတ်တမ်းများကို ဟောင်ကောင်လွတ်လပ်မှုမီဒီယာအဖွဲ့က ပြသခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း လေဆာပွိုင်တာများနှင့် ဓာတ်ဆီဗုံးများကြောင့် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ခဲ့ပုံကို ထုတ်ပြန်ခဲ့ကြသည်။

သြဂုတ် ၁၂ ရက်ဆန္ဒပြမှု၌လည်း နေရာအတော်များများတွင် ရဲများက မျက်ရည်ယိုဗုံးများအသုံးပြုခဲ့ရသည်။ ဆန္ဒပြသူများ ရှိနေသည့် ရထားဘူတာရုံတစ်ခုတွင်း မျက်ရည်ယိုဓာတ်ငွေ့များ ဖုံးလွှမ်းခဲ့သည်။ ပလာဇာတစ်ခု၌မူ ရဲများမဝင်နိုင်ရန် ဆန္ဒပြသူများက ဝင်ပေါက်ကိုပိတ်ဆို့ခဲ့သည်။

ဆန္ဒပြသူများကအုပ်ချုပ်ရေးမှူးကာရီလမ်နုတ်ထွက်ပေးရေး၊အစောပိုင်းက ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး၊ ရဲတပ်ဖွဲ့အင်အားသုံးမှုကို စုံစမ်းစစ်ဆေးပေးရေးတို့ကို ဆက်လက်တောင်းဆိုခဲ့ကြသည်။

ဗြိတိသျှကိုလိုနီဟောင်းဖြစ်သည့် ဟောင်ကောင်သည် တစ်နိုင်ငံ စနစ်နှစ်မျိုးအခြေခံသဘောတူညီချက်ဖြင့် တရုတ်ထံ ၁၉၉၇ ခုနှစ်က ပြန်လည်ရောက်ရှိခဲ့သည်။ ဟောင်ကောင်၏ ဒီမိုကရေစီအခွင့်အရေးများ ဆက်လက်တည်ရှိရန် တရုတ်ကအာမခံခဲ့သော်လည်း လွန်ခဲ့သည့်နှစ်များအတွင်း လွတ်လပ်ခွင့်များ တဖြည်းဖြည်းလျော့ပါးလာနေကြောင်း စွပ်စွဲမှုများ ပေါ်ထွက်ခဲ့သည်။

ယင်းအခြေအနေတွင်အုပ်ချုပ်သူများက ဟောင်ကောင်မှ ရာဇဝတ်ကြောင်းသံသယရှိသူများကို တရုတ်ပြည်မကြီးနှင့်အခြား နိုင်ငံများသို့လွှဲပြောင်းပေးရေး ဥပဒေကြမ်းတစ်ခု တင်သွင်းခဲ့ရာမှ ကန့်ကွက်မှုများဖြစ်ပွားလာခဲ့ပြီး ယင်းဥပဒေကြမ်းအသက်မဝင်တော့သည့်တိုင် လွတ်လပ်မှုအတွက် ဆက်လက်ဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်သည်။




Some text some message..