ကရိုင်းမီးယား မော်တော်ဆိုင်ကယ်ပြပွဲ ပူတင်တက်ရောက်အားပေးမှု ယူကရိန်းအပြင်းအထန်ကန့်ကွက်
mmtimes.com
|
2019-08-12

ဆီဗက်တိုပိုလ်မြို့တွင် ညဝံပုလွေ ဆိုင်ကယ်စီးအဖွဲ့သားများ၏ ပြပွဲသို့ တက်ရောက်အားပေးခဲ့သည့် သမ္မတ ပူတင်။အေပီ

ဆီဗက်တိုပိုလ်မြို့တွင် ညဝံပုလွေ ဆိုင်ကယ်စီးအဖွဲ့သားများ၏ ပြပွဲသို့ တက်ရောက်အားပေးခဲ့သည့် သမ္မတ ပူတင်။အေပီ

ကရိုင်းမီးယား မော်တော်ဆိုင်ကယ်ပြပွဲ ပူတင်တက်ရောက်အားပေးမှု ယူကရိန်းအပြင်းအထန်ကန့်ကွက်

ကရိုင်းမီးယားတွင် ကျင်းပသည့် ရုရှားထောက်ခံသော မော်တော်ဆိုင်ကယ်ကလပ်၏ ပြပွဲသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တက်ရောက်အားပေးခဲ့မှုကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ ရက်တွင် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

သမ္မတ ပူတင်၏ လုပ်ရပ်သည် ယူကရိန်း၏အချုပ်အခြာအာဏာပိုင်စိုးမှုကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ သမ္မတ ပူတင်သည် လယ်သာဝတ်စုံနက် ဝတ်ဆင်ကာ ဆိုင်ကယ် ကိုယ်တိုင်စီးနင်းခဲ့သည်။ ပြပွဲကို ရုရှားအစိုးရအား ထောက်ခံသည့် ညဝံပုလွေ ဆိုင်ကယ်ဂိုဏ်းက ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။ သမ္မတ ပူတင်သည် ညဝံပုလွေ ဆိုင်ကယ်ဂိုဏ်း၏ ပွဲများသို့ နှစ်စဉ် တက်ရောက်အားပေးနေကျဖြစ်သည်။

"ဒီလို ယောကျာ်းပီသပြီး သွေးအေးတဲ့ ယောကျာ်းမျိုးတွေဟာ ရုရှား မျိုးဆက်သစ် လူငယ်တိုင်းအားကျအတုယူရမယ့် စံနမူနာပဲ" ဟု သမ္မတ ပူတင်က ဆိုင်ကယ်စီးဂိုဏ်းဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းပိုင် ကရိုင်းမီးယားကို ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီးအနောက်နိုင်ငံများက တရားမဝင် လုပ်ရပ်အဖြစ် သတ်မှတ်ခဲ့သည်။ ညဝံပုလွေ ဆိုင်ကယ်စီးဂိုဏ်းသည် သမ္မတ ပူတင်ကို ထောက်ခံသည့် နယ်လှည့်ဆိုင်ကယ်စီးပွဲများလည်း ပုံမှန်ကျင်းပလေ့ရှိသည်။ ယခုနှစ် ညဝံပုလွေ ဆိုင်ကယ်စီးအဖွဲ့၏ ပြပွဲကို ကရိုင်းမီးယား၏အကြီးဆုံးမြို့ ဆီဗတ်တိုပိုလ်တွင် ပြုလုပ်ခဲ့သည်။ သမ္မတ ပူတင်သည် ပြပွဲသို့ ဆိုင်ကယ်စီးလျက် ဝင်ရောက်ခဲ့ပြီး ဆိုင်ကယ်စီးအဖွဲ့သားများနှင့်လည်း ဓာတ်ပုံတွဲရိုက်ခဲ့သည်။

ကရိုင်းမီးယားသို့ သမ္မတ ပူတင် ရောက်ရှိနေချိန်တွင် မြို့တော် မော်စကို၌ သြဂုတ် ၁၀ ရက်တွင် လူ ခြောက်သောင်းကျော် ပါဝင်သော ဆန္ဒပြပွဲကြီး ဖြစ်ပွားခဲ့ပြီး စက်တင်ဘာတွင် ကျင်းပမည့် မြူနီစီပယ် ရွေးကောက်ပွဲများတွင် မျှတမှုရှိရေး တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူအချို့သည် သမ္မတရုံးနှင့် ဝန်ကြီးများရုံးသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ပြီး ရာပေါင်းများစွာလည်း ဖမ်းဆီးခံခဲ့ရသည်။




Some text some message..