ဆန္ဒပြသူများကိုအကြမ်းဖက်နှိမ်နင်းမှုကြောင့်အခြေနေပိုဆိုးလာတဲ့ ဟောင်ကောင်
popolay.com
|
2019-08-13

ဟောင်ကောင်နိုင်ငံမှာ လမ်းမများပေါ်ချီတက် ဆန္ဒပြကြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးများ၊ ရာဘာတုတ်များ၊ ရာဘာကျည်သေနတ်များနဲ့ ရိုက်နှက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ဆန္ဒပြသူတွေမှာ ဒဏ်ရာရရှိမှုတွေ ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ည ၇ နာရီခွဲလောက်မှာ ဆန္ဒပြနေကြသူများထဲက မိန်းကလေးငယ် တစ်ဦးဟာ ရဲတွေရဲ့လက်ချက်ဖြင့် ညာဘက်မျက်လုံး ရာဘာကျည်ထိမှန်ပြီး သွေးများယိုစီးကျကာ လမ်းမပေါ် လဲကျနေသည့် ရုပ်သံတွေ ဓါတ်ပုံတွေအွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့ပြီးနောက် “မျက်လုံးအတွက် မျက်လုံး” ဆိုတဲ့ လှုပ်ရှားမှုကြီးနဲ့အကြီးအကျယ်ဆန္ဒပြမှုတွေ ပြင်းထန်လာခဲ့ပါတယ်။



မျက်မြင်သက်သေတစ်ဦးရဲ့အဆိုအရ Tsim Sha Tsui ရဲစခန်းရှေ့ဆန္ဒပြမှုမှာ ရဲတစ်ယောက်က မိန်းကလေးရဲ့ မျက်နှာကို သေနတ်နဲ့ ပစ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေကို ဖြိုခွင်းတဲ့ ရဲဥပဒေအရ ခန္ဓာကိုယ်နဲ့ ခြေလက်အင်္ဂါတို့ကိုသာ ပစ်ခွင့်ရှိပြီး ဦးခေါင်းနဲ့ မျက်နှာကိုတော့ ပစ်ခွင့်မရှိပါဘူး။
ဒေသတွင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ မိန်းကလေးဟာ သူမရဲ့ ညာဘက်မျက်လုံး ဆုံးရှုံးရမယ့်အနေအထားရှိနေတယ်လို့ ဆိုပါတယ်။




ဒီအဖြစ်ပျက်ကြောင့် ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေက သူတို့ရဲ့ ညာဘက်မျက်လုံးတစ်ဖက်ကို ဖုံးကာထားကြပြီး “မျက်လုံးအတွက် မျက်လုံး” ဆိုတဲ့ လှုပ်ရှားမှုကြီးကို တနင်္လာနေ့က ဟောင်ကောင်လေဆိပ်မှာ စတင်ခဲ့ကြတဲ့အတွက် လေယာဉ်ခရီးစဉ်တွေအားလုံး ဖျက်သိမ်းခဲ့ရပါတယ်။




ဟောင်ကောင်ရဲတွေကတော့အမျိုးသမီးရဲ့ မျက်လုံးဟာ ဘယ်လိုကြောင့် ဒဏ်ရာရခဲ့တာလဲဆိုတာ ဘာသက်သေမှမပြနိုင်ပါဘူးလို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံသားတွေက ဒီအမျိုးသမီးရဲ့ ဒဏ်ရာဟာ ဆန္ဒပြသူတွေအချင်းခြင်းကြောင့် ရခဲ့တာဖြစ်တယ်လို့အပြန်အလှန်စွပ်စွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။
ရဲအရာရှိဟောင်းတစ်ဦးဖြစ်သူက ရဲတွေအနေနဲ့ မိန်းကလေးရဲ့ မျက်နှာကို သေနတ်နဲ့ ပစ်တယ်ဆိုတာ လုပ်ထုံးလုပ်နည်းအရ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ Global Times သတင်းဌါနကို ပြောကြားခဲ့ပါတယ်။




Some text some message..