အမေရိကန်၏ပိတ်ဆို့မှုများကြောင့် ဟွာဝေးထိခိုက်သွားမည်မဟုတ်ကြောင်း ဟွာဝေးတည်ထောင်သူပြော
mmtimes.com
|
2019-08-21

ဟွာဝေးတည်ထောင်သူ ရန်ကျန်းဖေးကို တွေ့ရစဉ်။အေပီ

အမေရိကန်၏ပိတ်ဆို့မှုများကြောင့် ဟွာဝေးထိခိုက်သွားမည်မဟုတ်ကြောင်း ဟွာဝေးတည်ထောင်သူပြော

အမေရိကန်ပြည်ထောင်စုက ဟွာဝေးနည်းပညာကုမ္ပဏီနှင့်အမေရိကန်နည်းပညာလုပ်ငန်းများကြား ပတ်သက်မှုကို ကန့်သတ်ထားသော်လည်း ဟွာဝေးသည် ကိုယ်ပိုင်နည်းပညာကိုဖော်ဆောင်နိုင်ပြီဖြစ်သောကြောင့် ကုမ္ပဏီအနေဖြင့် များစွာထိခိုက်စရာမရှိကြောင်း ဟွာဝေးကုမ္ပဏီကိုတည်ထောင်သူ ရန်ကျန်းဖေးကအေပီသတင်းဌာနသို့ သြဂုတ် ၂၀ ရက်အနှောင်းပိုင်းတွင်ပြောဆိုခဲ့သည်။

တရုတ်သည်အမေရိကန်နှင့်လက်ရှိဖြစ်ပွားနေသည့် ကုန်သွယ်ရေးတင်းမာမှုတွင်အလျှော့ပေးရန် လိုအပ်မည်ဆိုပါက ဟွာဝေးသည်အမေရိကန်၏ကန့်သတ်ပိတ်ဆို့မှုများမှ ဖြေလျှော့ပေးမှုကို လိုချင်မိမည်မဟုတ်ကြောင်း ရန်ကျန်းဖေးကပြောဆိုခဲ့သည်။

ထို့ပြင် ရာဇဝတ်မှုများစွာဖြင့် စွပ်စွဲခံရပြီး ကနေဒါတွင် နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်နေရသည့် သမီးဖြစ်သူ လွတ်မြောက်ရေးအတွက် တရုတ်ဘက်ကအလျှော့ပေးရသည်ကိုလည်း လက်ခံနိုင်မည်မဟုတ်ကြောင်း ၎င်းကပြောသည်။

ဟွာဝေးသို့အမေရိကန်နည်းပညာကုမ္ပဏီများက နည်းပညာပစ္စည်းများရောင်းချမှုကို ပိတ်ပင်ချက် ဒုတိယမြောက် ရက် ၉၀ ရွှေ့ဆိုင်းပေးမည်ဖြစ်ကြောင်းအမေရိကန်က ထုတ်ပြန်ခဲ့သော်လည်းအမေရိကန်၏ကန့်သတ်ပိတ်ဆို့မှုများကို ဆက်လက်ရှိနေဦးမည်ဟု ယူဆပါကြောင်းအသက် ၇၄ နှစ်အရွယ် ရန်ကပြောသည်။ ဟွာဝေးသို့ မိုက်ခရိုချစ်ပြားများနှင့်အခြားအစိတ်အပိုင်းများရောင်းချသည့်အမေရိကန်ကုမ္ပဏီများသာ ထိခိုက်နစ်နာလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမေရိကန်နည်းပညာကုမ္ပဏီများအနေဖြင့် နည်းပညာပစ္စည်းရောင်းချလိုပါကအစိုးရထံတွင် ဦးစွာခွင့်ပြုချက်ရယူရန်လိုအပ်သည့် နိုင်ငံခြားကုမ္ပဏီများစာရင်းတွင် ဟွာဝေးကိုအမေရိကန်အစိုးရက ထည့်သွင်းထားပြီးဖြစ်သည်။

ယင်းစာရင်းတွင် ဆက်လက်ပါဝင်သည်ဖြစ်စေ၊ ပယ်ဖျက်ခံရသည်ဖြစ်စေ ယင်းသည် ဟွာဝေး၏ စီးပွားရေးလုပ်ငန်းအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ရန်ကပြောဆိုခဲ့သည်။

ယခုလတွင် ဟွာဝေးသည် ဂူဂဲလ်၏အန်းဒရွိုက်စနစ်နေရာ၌အစားထိုးနိုင်သည့် စမတ်ဖုန်းအော်ပရေးတင်းစနစ်တစ်ခုကိုအများပြည်သူသို့ ထုတ်ပြခဲ့သည်။ယခုနှစ်အစောပိုင်းတွင်လည်း ဟွာဝေးသည် မျိုးဆက်သစ်စမတ်ဖုန်းများအတွက် ကိုယ်ပိုင်မိုက်ခရိုချစ်နှင့် ယင်းချစ်ပြားသုံးထားသည့် ပထမဆုံးဖုန်းကို ထုတ်ပြန်ခဲ့သည်။

ရန်၏သမီးဖြစ်သလို ဟွာဝေး၏ဘဏ္ဍာရေးအရာရှိချုပ်လည်းဖြစ်သည့် မန်ဝမ်ကျိုးသည်အီရန်အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများ ချိုးဖောက်မှုဖြင့် ကနေဒါတွင် တရားစွဲဆိုခံထားရပြီးအမေရိကန်သို့ လွှဲပြောင်းမခံရရေးအတွက် တရားရေးအရ ရင်ဆိုင်နေရသည်။

ဟွာဝေးသည်အလွန်အမင်းထိခိုက်ပျက်စီးနေသည့် လေယာဉ်နှင့်ဆင်တူပြီးအမေရိကန်၏ ပိတ်ဆို့မှုများကြောင့် လာမည့်နှစ်နှစ်အတွင်း စမတ်ဖုန်းရောင်းအား ဒေါ်လာ ၃၀ ဘီလျံအထိရှိစေရေး ဟွာဝေး၏ လျာထားချက် ထိခိုက်သွားမည် ဖြစ်ကြောင်း ရန်က ဇွန် ၁၇ ရက်တွင် ပြောဆိုခဲ့ပြီးဖြစ်သည်။




Some text some message..