ဟန်းဆက်ရောင်းချရာ၌အခွန်တံဆိပ်ခေါင်းမကပ်သည့်အမှု နှစ်ရာနီးပါးရှိ
mmtimes.com
|
2019-08-26

ဟန်းဆက်အခွန်တံဆိပ်ခေါင်းကပ်ရောင်းချမှုအပေါ် ဝန်ထမ်းတစ်ဦးက ရှင်းပြနေစဉ်။ ရှင်မိုးမြင့်/မြန်မာတိုင်း(မ်)

ဟန်းဆက်အခွန်တံဆိပ်ခေါင်းကပ်ရောင်းချမှုအပေါ် ဝန်ထမ်းတစ်ဦးက ရှင်းပြနေစဉ်။ ရှင်မိုးမြင့်/မြန်မာတိုင်း(မ်)

ဟန်းဆက်ရောင်းချရာ၌အခွန်တံဆိပ်ခေါင်းမကပ်သည့်အမှု နှစ်ရာနီးပါးရှိ

ဟန်းဆက်နှင့်အခြားဆက်စပ်ပစ္စည်းများအခွန်တံဆိပ်ခေါင်းမကပ်ဘဲ ရောင်းဝယ်သဖြင့် ဒဏ်တပ်ရသည့်အမှုပေါင်း ၁၉၄ မှုရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး ဦးဂျွန်စံန်ဂီက ပြောသည်။

''အချို့ကုမ္ပဏီဆိုရင် တစ်လတည်းမှာအခေါက်ပေါင်းမနည်းဘူး။ ဒဏ်ရိုက်ခံရတယ်'' ဟု ၎င်းက ပြောသည်။

ပြောဆိုခွင့်မရှိသဖြင့် ဒဏ်တပ်ခံရသည့် ကုမ္ပဏီများ၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း တချို့ကုမ္ပဏီများသည် နှစ်လအတွင်း ခုနစ်ကြိမ်ထိ ဒဏ်တပ်အရေးယူခဲ့ရကြောင်း ဦးဂျွန်စံန်ဂီက ပြောသည်။

''နှစ်လအတွင်း ဒဏ်ကြေး ၁၅၃ ဒသမ ၉၁ သန်းရှိပါတယ်'' ဟု ၎င်းက ပြောသည်။

ယခုနှစ် ဇွန် ၁ ရက်က စတင်ပြီး ဟမ်းဆက်နှင့်အခြားဆက်စပ်ပစ္စည်းများ ရောင်းဝယ်မှုပြုလုပ်ရာ၌ ငွေရပြေစာတွင်အခွန်တံဆိပ်ခေါင်းကပ်နှိပ်ရောင်းချရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တံဆိပ်ခေါင်းကပ်နှိပ်ခြင်းမရှိဘဲ ရောင်းချမှုများရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက်အခွန်ရုံးများသို့တိုင်ကြားနိုင်ပြီး ပထအကြိမ် ကျပ်နှစ်သိန်း၊ ဒုတိယအကြိမ် ကျပ်ငါးသိန်းနှင့် တတိယအကြိမ် ကျပ်ခုနစ်သိန်းနှင့် စတုတ္ထအကြိမ် ကျပ်ဆယ်သိန်းအထိ ဒဏ်ကြေးပေးဆာင်ရမည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။

အခွန်ငါးရာခိုင်နှုန်းတံဆိပ်ခေါင်းများ ကပ်နှိပ်ရောင်းချနိုင်ရန် ယခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်ထိ ဈေးကွက်အတွင်း တံဆိပ်ခေါင်းများ ကျပ် ၂၃ ဒသမ ၃၃၆ ဘီလျံတန်ဖိုးထိ ထုတ်ပေးထားပြီး တံဆိပ်ခေါင်း ကပ်နှိပ်မရောင်းချသူများကို နောင်တွင် ပစ္စည်းများ သိမ်းယူသည်ထိအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဂျွန်စံန်ဂီက ပြောသည်။

လက်ကိုင်ဖုန်းနှင့်ဆက်စပ်ပစ္စည်းများရောင်းချသည့်အရောင်းဆိုင်များသည် ကုန်ပစ္စည်းများရောင်းချသည့်အခါအရောင်းပြေစာတွင်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန်အခက်အခဲရှိသဖြင့် ဆိုင်ပိုင်ရှင်များ၏ တောင်းဆိုမှုကြောင့် ဟန်းဆက်ဘူးခွံများပေါ်၌ ရောင်းချသည့်တန်ဖိုးအလိုက်အခွန်တံဆိပ်ခေါင်းကပ်နှိပ်ရန် ပြည်တွင်းအခွန်များဦးစီးဌာနက ခွင့်ပြုထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏အခွန်ရှင်းတမ်းအရအဆိုပါ နှစ်လအတွင်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချမှုထံမှ ကျပ် ၃ ဒသမ ၅၂၁ ဘီလျံအခွန် ကောက်ခံရရှိခဲ့သည်။




Some text some message..