
မြန်မာနိုင်ငံ၊ သီလဝါစက်မှုဇုန်မှ ှီု စနစ်ဖြင့် ထုတ်လုပ်သည့် All New Suzuki Swift ကိုတွေ့ရစဉ်။ -ဓာတ်ပုံ•သီရိလူ
မြန်မာနိုင်ငံ၊ သီလဝါစက်မှုဇုန်မှ ှီု စနစ်ဖြင့် ထုတ်လုပ်သည့် All New Suzuki Swift ကိုတွေ့ရစဉ်။ -ဓာတ်ပုံ•သီရိလူ
ဂျပန်မှ ကားအပိုပစ္စည်းထုတ် ကုမ္ပဏီများ ထပ်မံ ဝင်ရောက်လာရန် ရှိနေ
သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံ ထုတ်လုပ်မည့် ကားကုမ္ပဏီကြီးများကြောင့် ကားအပိုပစ္စည်း ထုတ်လုပ်မည့် ဂျပန်ကုမ္ပဏီအများစု ထပ်မံဝင်ရောက်လာမည်ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama က ထုတ်ဖော်ပြောလိုက်သည်။
သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆူဇူကီးကားကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ထားပြီးဖြစ်ကာ တိုယိုတာ ကုမ္ပဏီအနေဖြင့်လည်း ၂၀၂၁ ခုနှစ်တွင် ကားထုတ်လုပ်မှုများ စတင်နိုင်ရန် တရားဝင်ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ဂျပန်သံအမတ်ကြီးက ပြောသည်။ ဂျပန်သံအမတ်ကြီးMr. Ichiro Maruyama သည် စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့၊Fortune Plaza တွင်ကျင်းပခဲ့သည့်Myanmar Thilawa SEZ Holdings Public Litimed (MTSH) ၏ ခြောက်ကြိမ်မြောက် ကုမ္ပဏီနှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်စဉ် ယခုလိုပြောခဲ့ခြင်းဖြစ်သည်။
"သီလဝါအထူးစီးပွားရေးဇုန်မှာ ဆူဇူကီးကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုလုပ်နေပြီ၊ စက်ရုံတွေဆောက်နေပြီ၊ မော်တော်ကားတွေ ထုတ်နေပါပြီ။ တိုယိုတာကုမ္ပဏီကလည်း လာဖို့အတွက် တရားဝင်ဆုံးဖြတ်ပြီးပါပြီ။ ဒီလို ဝင်လာလို့ရှိရင် မော်တော်ကားကုမ္ပဏီတွေအတွက်အပိုပစ္စည်းထုတ်လုပ်ဖို့ ကုမ္ပဏီတွေအင်မတန်လိုအပ်မှာပါ။ ဒါကြောင့် ဂျပန်နိုင်ငံကနေအပိုပစ္စည်းထုတ်တဲ့ ကုမ္ပဏီတွေအများကြီးထပ်ပြီး-ဝင်လာကြမှာပါ"ဟု ဂျပန်သံအမတ်ကြီးက ပြောသည်။
ဆူဇူကီးအနေဖြင့် မြန်မာနိုင်ငံသို့ ၁၉၉၈ ခုနှစ်ကပင်ဝင်ရောက်ခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန်သို့မူ ၂၀၁၅ ခုနှစ်တွင် စတင်ရင်းနှီးမြှုပ်နှံခဲ့သည်။ လက်ရှိတွင် တောင်ဒဂုံကားစက်ရုံ၌ ထုတ်လုပ်မှု၊ စီမံခန့်ခွဲမှုနှင့် ရောင်းချမှုအပိုင်းများတွင်အလုပ်သမားဦးရေ ၁၀ဝ ခန့်ဖြင့်Carry Trucks များထုတ်လုပ်နေပြီး သီလဝါစက်ရုံတွင်အလုပ်သမားဦးရေ ၂၀ဝ ခန့်ဖြင့် ဆူဇူကီး Ertiga Ciaz ၊ နှင့် Swiftအမျိုးအစားများကိုထုတ်လုပ်နေသည်။ လက်ရှိတွင်တစ်နိုင်ငံလုံး၌ ဆူဇူကီးအရောင်းပြခန်းနှင့် ဝန်ဆောင်မှုစင်တာ ၃၉ ခုရှိပြီး ကားအပိုပစ္စည်းများကိုလည်း သင့်တင့်သော ဈေးနှုန်းဖြင့်ရောင်းချပေးနေသည်။
"ဆူဇူကီးရဲ့ နောက်ဆုံးပေါ်ကားကို မြန်မာနိုင်ငံမှာထုတ်လုပ်နိုင်နေပြီ။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ကားထုတ်လုပ်မှုပိုင်းကိုအားထည့်ထားတာကို တွေ့ရပါတယ်။ စက်မှုဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုတွေကြောင့်လည်းအများကြီးပါပါတယ်။ ၁၉၉၈ ကတည်းကနေ မြန်မာနိုင်ငံကိုဝင်ရောက်ခဲ့ပြီးအမေရိကန်ဒေါ်လာသန်း ၆၀ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါတယ်။ ရှေ့လျှောက်လည်း သီလဝါ စက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားမှာဖြစ်ပါတယ်"ဟု မစ္စတာ တကယုကိ ဆူဂိရာမက ဆူဇူကီးAll New Swift မိတ်ဆက်ပွဲတွင်ပြောသည်။
ဂျပန်နိုင်ငံအခြေစိုက် Toyota Motor Corporation သည် မြန်မာနိုင်ငံ၌ မော်တော်ကားစက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်မေလကုန်က တရားဝင်ထုတ်ပြန်ခဲ့သည်။ တိုယိုတာ ကုမ္ပဏီသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် မော်တော်ကားနှင့်အပိုပစ္စည်းစက်ရုံများတည်ဆောက်ထားပြီး မြန်မာနိုင်ငံတွင်လည်း ကားတပ်ဆင်စက်ရုံကို ယခုနှစ်အတွင်း စတင်မည်ဖြစ်သည်။အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းသည့် ကားအစိတ်အပိုင်းများဖြင့်Pick up ကားများကို ကနဦးတပ်ဆင် ထုတ်လုပ်မည်ဖြစ် သည်။
တိုယိုတာကုမ္ပဏီသည် ကန်ဒေါ်လာ ၅၂ ဒသမ ၆ သန်းကို ကနဦးရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုဖြင့် စာချုပ် ချုပ်ဆိုထားပြီး ၂၀၂၁ ခုနှစ်တွင် ကားထုတ်လုပ်မှုများကို စတင်လုပ်ကိုင်နိုင်ရန် ပြင်ဆင်နေလျက်ရှိသည်။ လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်အတွင်း၌ စက်ရုံ တည်ဆောက်မှုများကို စတင်လုပ်ကိုင်နေပြီဖြစ်သည်ဟုလည်း MTSH ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။
"၂၀၂၁ ခုနှစ်မှာ လုပ်ငန်းကိုအရှိန်အဟုန်မြှင့်တင်ပြီးတော့ ကားအစီး ၂၅၀ဝ ကိုထုတ်လုပ်တော့မှာပါ။ နှစ်ဖက်ညှိနှိုင်းပြောဆိုထားတဲ့ ခန့်မှန်းခြေအရဆိုရင် ကားအစီးရေ တစ်သိန်းလောက်အထိကို ထုတ်လုပ်သွားဖို့ရှိ နေတာဖြစ်ပါတယ်"ဟု ဦးဝင်းအောင်က သီလဝါအထူးစီးပွားရေး၏အနာဂတ်အခွင့်အလမ်းအပေါ် ရည်ညွှန်း ကာ ပြောသည်။
ကားအပိုပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီများထပ်မံဝင်ရောက်လာပါက ပြည်တွင်းမှအသေးစားနှင့်အလတ်စားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့်အခွင့်အလမ်းနှင့် နည်းပညာရရှိပြီးပါက ကားအပိုပစ္စည်း ထုတ်လုပ်သည့် ပြည်တွင်းကုမ္ပဏီများစွာ ထပ်မံပေါ်ပေါက်လာနိုင်သည့်အခွင့်အလမ်းများ ရှိလာနိုင်သည်ဟုလည်းMr. Ichiro Maruyama ကပြောသည်။
"အပိုပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ဝင်လာတဲ့အခါမှာ မြန်မာနိုင်ငံကအသေးစားနဲ့အလတ်စားလုပ်ငန်း တွေဟာ ဒီလုပ်ငန်းတွေနဲ့ပူးပေါင်းပြီးလုပ်လို့ရတယ်။ ဂျပန်ကုမ္ပဏီတွေရဲ့ နည်းပညာကို မြန်မာကုမ္ပဏီတွေကို ဝေမျှလို့ရနိုင်ပါတယ်။ နည်းပညာရရှိပြီးတဲ့အခါမှာ မြန်မာနိုင်ငံကကုမ္ပဏီတွေဟာလည်းအပိုပစ္စည်းထုတ်လုပ် တဲ့ကုမ္ပဏီတွေကို ကိုယ်ထူကိုယ်ထထူထောင်လာနိုင်ကြပါလိမ့်မယ်။ ဒါဟာမြန်မာနိုင်ငံရဲ့အနာဂတ်စီးပွားရေး ဖွံ့ဖြိုးမှုအတွက်အင်မတန်အလားအလာကောင်းပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောသည်။
ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်သည့် မော်တော်ကားများကို နိုင်ငံတော်အစိုးရက ဦးစားပေးနေပြီး မြန်မာနိုင်ငံ ဈေးကွက်သို့ ဆူဇူကီးအမှတ်တံဆိပ်မှာအရင်ဆုံးဝင်ရောက်ခဲ့သည်။ လက်ရှိတွင် Nissan Hyundai Ford နှင့် တရုတ်နိုင်ငံထုတ်အမှတ်တံဆိပ်များဖြစ်သောSoueast GAC Brilliance တို့အပြင်အခြားတံဆိပ်အများအပြားလည်း မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်နေသည်။