ကိုယ်ဝန်ဆောင်ပြီး မီးဖွားတယ်ဆိုတာဟာအမျိုးသမီးအများစု လိုလိုချင်ချင် နှစ်နှစ်ကာကာ ရှိလှတဲ့ ကိစ္စတစ်ခုပါ။ လူမှုအသိုင်းအဝိုင်းကလည်း ကောင်းချီးသြဘာပေးကြတဲ့ ကိစ္စရပ်ပါ။အမျိုးသမီးအများစုလို့ ဆိုတာကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်၊ နို့ချိုတိုက်ကျွေးနေချိန်တွေမှာ မိခင်တွေဟာ သက်သောင့်သက်သာအနေအထားမှာ ရှိနေဖို့လိုအပ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်ဝင်နေရတဲ့ မိခင်လောင်းလျာတွေကအိမ်မှာပဲနေရင်း မိခင်ဖြစ်ဖို့ပြင်ဆင်နေသူတွေလောက် သက်သောင့်သက်သာဖြစ်ဖို့ မလွယ်ကူလှပါဘူး။
ဒီအတွက် နည်းနည်းပဲဖြစ်ဖြစ် သက်သာလိုသက်သာငြားဆိုပြီး ခွင့်ရက်တွေအကြောင်းကို သိထားဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်ဝင်နေတဲ့ မိခင်တွေအတွက် မီးဖွားခွင့်နှစ်မျိုးရှိပါတယ်။ မဖြစ်မနေရမယ့် မီးဖွားခွင့်ကတော့ တစ်မျိုးပဲရှိပါတယ်။
မီးဖွားခွင့်နှစ်မျိုးမှာ တစ်မျိုးက ၁၉ ၅၁ ခုုနှစ် ခွင့်ရက်နှင့်အလုုပ်ပိတ်ရက်အက်ဥပဒေကိုု ပြင်ဆင်သည့်ဥပဒေ ၂၀၁၄အရ ရရှိမယ့်ခွင့်ပါ။ နောက်တစ်မျိုးကတော့ လူမှုဖူလုံရေးအာမခံအရ ရရှိမယ့်ခွင့်ပါ။ ခွင့်နှစ်မျိုးလုံးက မီးမဖွားခင် ၆ ပတ် မီးဖွားပြီး ၈ ပတ် စုစုပေါင်း ၁၄ပတ်ခံစားခွင့်ရှိပါတယ်။
ဥပဒေအရခံစားရမယ့်ခွင့်ကတော့ ကိုယ်ဝန်ဆောင်အလုပ်သမားတိုင်း ရကိုရ ရမယ့်ခွင့်ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချို့တွေက ခွင့်ခြောက်လ ဆိုတာမျိုးမှတ်ထားကြတာတွေရှိပါတယ်။ မီးဖွားခွင့် ခြောက်လဆိုတာဟာအစိုးရဝန်ထမ်းတွေပဲရတာပါ။
ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းတွေအတွက်က ၁၄ ပတ်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်။အမွှာမွေးရင် ခွင့်နှစ်ပတ်တိုးပြီးခံစားခွင့်ရှိပါတယ်။ လစာပြည့်ခွင့်နဲ့ လစာမဲ့ခွင့် ဆိုပြီး ခွင့်မှာလည်း နှစ်မျိုးရှိတယ်ဆိုတာ သိကြမှာပါ။ မီးဖွားခွင့်ဟာ လစာပြည့်နဲ့ခံစားခွင့်ရရပါမယ်။
မီးဖွားခွင့်မှာ ကိုယ်ဝန်ပျက်ကျမှုလည်းအကြုံးဝင်ပါတယ်။ ဒါပေမယ့် ၁၄ ပတ်တော့ရမှာမဟုတ်ပါဘူး။ ဥပဒေပြဌာန်းချက်မှာတော့ ပြစ်ဒဏ်ထိုက်သော ကိုယ်ဝန်ပျက်ကျမှုမျိုးမဟုတ်တဲ့ ပျက်ကျမှုအတွက် ကိုယ်ဝန်ပျက်တဲ့ရက်ကနေ ခြောက်ပတ်အထိ ခွင့်ခံစားခွင့်ရှိပါတယ်။
တစ်ချို့အလုပ်ရှင်တွေကလည်း မီးဖွားခွင့်မှာ လစာမပေးတာမျိုးတွေရှိပါတယ်။ ဒါဟာဥပဒေအရ ပေးကိုပေးရမယ်ဆိုတာကိုအလုပ်ရှင်ကိုပြောပြဖို့လိုပါတယ်။ ကိုယ့်လုပ်ငန်းအတွင်းမှာထုတ်ပြန်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေဟာ ဥပဒေဘောင်ကိုကျော်လွန်လို့ မရပါဘူး။
မီးဖွားခွင့်ရက် ခံစားခြင်းကိုအကြောင်းပြု၍အလုပ်သမားအား လက်ရှိရာထူးအဆင့်မှလျော့ချခြင်း၊ လစာလျော့ချခြင်း၊အလုပ်ဌာနနေရာပြောင်းရွေ့ခြင်း၊အလုပ်မှထုတ်ပယ်ခြင်း မပြုရလို့ ခွင့်ရက်နှင့်အလုပ်ပိတ်ရက် နည်းဥပဒေမှာ ပြဌာန်းထားပါတယ်။
မီးဖွားခွင့်ယူဖို့ ဘာတွေလိုအပ်မလဲ။
မီးဖွားခွင့်ယူတော့မယ်ဆိုရင်အနိမ့်ဆုံး ဆေးလက်မှတ်ရှိနေဖို့လိုပါတယ်။အစိုးရဝန်ထမ်းတွေအတွက်ကတော့ ဌာနတွေမှာ သေသေချာချာ ရှင်းလင်းညွှန်ကြားထားလေ့ရှိတာကြောင့် ထူးထွေပြဿနာဖြစ်လေ့မရှိပေမယ့် ပုဂ္ဂလိကဝန်ထမ်းတွေကတော့ ရပိုင်ခွင့်ကိုတောင်းဆိုဖို့ လိုအပ်ချက်တွေကို မသိကြသူများပါတယ်။
မိမိလုပ်ငန်းခွင်အတွင်းမှာတော့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ရုံးကပဲသတ်မှတ်လေ့ရှိကြပါတယ်။အများအားဖြင့်တော့ ဆရာဝန်ထောက်ခံချက်ပါတဲ့ ဆေးစာတစ်ခုနဲ့တင် ခွင့်ယူလို့ရပါတယ်။ လူမှုဖူလုံရေးအာမခံထုတ်မယ်ဆိုရင်တော့အဲဒါတစ်ခုတည်းနဲ့မရပါဘူး။
လူမှုဖူလုံရေးအာမခံမှာ မိမိအလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာ ဝန်ထမ်း ၅ ယောက်နဲ့အထက်ရှိပြီဆိုရင် ကုမ္ပဏီ ကနေ မဖြစ်မနေပေးဆောင်ဖို့အတွက် တာဝန်ရှိတယ်လို့ ဥပဒေမှာ သတ်မှတ်ထားပါတယ်။
မိမိရဲ့လစာက ဘယ်လောက်ပဲဖြစ်ဖြစ်အမြင့်ဆုံး လစာငွေ (၃)သိန်းအထိပဲအာမခံထားခွင့်ရှိတာပါ။
မိမိရတဲ့လစာငွေအပေါ်မှာအလုပ်ရှင်က (၃%)အလုပ်သမားက (၂%) လစဉ်ဆောင်ရပါတယ်။
လစာ ၃ သိန်းနဲ့ ဆောင်ရတဲ့သူဆိုရင် ကိုယ့်လစာထဲက ၆၀၀၀ ပဲပေးရပြီးအလုပ်ရှင်က ၉၀၀၀ လစဉ်ဆောင်ပေးရမှာပါ။
လူမှုဖူလုံရေး စဆောင်ပြီဆိုတာနဲ့ လူမှုဖူလုံရေးကဒ်ကို သက်ဆိုင်မြို့နယ်(မိမိ ကုမ္ပဏီ တည်ရှိရာမြို့နယ်) လူမှုဖူလုံရေးရုံးက မကြာခင်ထုတ်ပေးပါလိမ့်မယ်။ မပေးဘူးဆိုရင် တောင်းယူပြီးတော့ သိမ်းထားဖို့လိုအပ်ပါတယ်။
သက်ဆိုင်ရာ လုပ်ငန်းခွင်မှာ လုပ်သက် တစ်နှစ်ပြည့်ပြီး လူမှုဖူလုံရေးအာမခံဆောင်တာ ခြောက်လပြည့်ရင် မီးဖွားခွင့်ခံစားနိုင်ပါပြီ။ မီးမဖွားခင် ၆ ပတ် နဲ့ မီးဖွားပြီး ၈ ပတ် ကိုအကျိုးခံစားခွင့် တွက်ပေးပါတယ်။
မီးဖွားခွင့်အတွက်က ဆောင်ထားတဲ့ လစာရဲ့ ၇၀ ရာခိုင်နူန်း ရမှာဖြစ်ပြီး ဆေးရုံစရိတ်အတွက်ကတော့ ၅၀ ရာခိုင်နှုန်း ရမှာဖြစ်ပါတယ်။
ခွင့်တိုင်ဖို့အတွက် လိုအပ်ချက်တွေကတော့ ကိုယ်ဝန်စရှိပီဆိုတာနဲ့ လူမှုဖူလုံရေးရဲ့ နောက်ကျောမှာပါတဲ့ မြို့နယ်က လူမှုဖူလုံရေးဆေးခန်းမှာအနည်းဆုံး တစ်ခေါက်တော့ သွားပြဖို့လိုပါတယ်။အဲဒီဆေးခန်းမှာပဲ ဆက်ပြချင်တယ်ဆိုရင်လည်းရပါတယ်။ မီးမဖွားခင် ၆ ပတ်အလို မရောက်ခင်မှာ လူမှုဖူလုံးရေးကဒ်နဲ့ ကိုယ်ဝန်ဆောင်ကိုယ်တိုင် လူမှုဖူလုံရေးဆေးခန်းကို ထပ်သွားပြီး ၆ပတ်စာ ခွင့်တိုင်စာရွက်ယူရပါမယ်။
ခွင့်စာကိုသိမ်းထားပါ။ မီးဖွားပြီးတဲ့အခါကျရင် ပထမရရှိထားတဲ့ ၆ ပတ်စာခွင့်စာရွက်ကိုပြပြီး နောက်ထပ် ခွင့် ၈ ပတ်စာ တိုင်ထားတဲ့စာရွက်ရဖို့အတွက် လူမှုဖူလုံရေးဆေးခန်းကို မိမိကိုယ်တိုင်ဖြစ်စေ မိသားစုဝင်ကဖြစ်စေ သွားယူရမှာပါ။
ခံစားခွင့်ထုတ်ယူဖို့ မွေးစာရင်း (မူရင်း/ မိတ္တူ)၊ ခွင့်တိုင်စာ ၂ ရွက် (အပေါ်မှာပြောထားတဲ့ ခွင့်စာနှစ်ရွက်ပါ)၊ ကုမ္ပဏီ ထောက်ခံစာ (HR (ဝန်ထမ်းရေးရာဌာန) က ပြင်ဆင်ပေးရမှာပါ)၊ မီးဖွားခွင့်အကျိုးခံစားခွင့်ဖောင် ( HR ကနေ SSB ဆောင်နေတဲ့ရုံးမှာ တောင်းပေးရမှာပါ)၊ မှတ်ပုံတင် (မိတ္တူ)၊ လူမှုဖူလုံရေးကဒ် (မူရင်း/ မိတ္တူ) တွေလိုအပ်ပါတယ်။
ဒီဆောင်းပါးမှာ ပါဝင်တဲ့အချက်အလက်တွေအားလုံးဟာ ဥပဒေအရ တိတိကျကျပြဌာန်းထားတဲ့အချက်အလက်တွေပါ။ ဒါကြောင့် လုပ်ငန်းခွင်ဝင်နေရတဲ့ မိခင်တွေအနေနဲ့ မိမိရပိုင်ခွင့်တွေကို သေသေချာချာ ရရှိတောင်းဆိုနိုင်ဖို့ ဥပဒေတွေကို ကိုးကားပြီး ဖော်ပြလိုက်ရပါတယ်။
ကိုးကားဥပဒေများ - ၁၉၅၁ ခုုနှစ် ခွင့်ရက်နှင့်အလုုပ်ပိတ်ရက်အက်ဥပဒေကိုု ပြင်ဆင်သည့်ဥပဒေ ၂၀၁၄
- ခွင့်ရက်နှင့်အလုုပ်ပိတ်ရက် နည်းဥပဒေများ ၂၀၁၈
- လူမှုဖူလုံရေးဥပဒေ ၂၀၁၂