အမေရိကန် သမ္မတအိမ်ဖြူတော် ဝန်ထမ်းအချို့ရဲ့ ပုံမှန်မဟုတ်တဲ့ ထူးထူးခြားခြားအလုပ်များ
shwemom.com
|
2019-09-12

အမေရိကန်သမ္မတများ နေထိုင်ရာနဲ့ သူတို့ရဲ့ ရုံးအလုပ်များကို လုပ်လေ့ရှိတဲ့အိမ်ဖြူတော်မှာ ပုံမှန်မဟုတ်တဲ့၊ ထူးခြားတဲ့အလုပ်အကိုင်တွေနဲ့ ဝန်ထမ်းတွေလည်း ရှိနေပါသေးတယ်။ တကယ်တော့ သူတို့ လုပ်နေတဲ့အလုပ်တွေဟာအပြင်ကမ္ဘာမှာ ဘယ်သူမှ မလုပ်သလောက်ပါပဲ။ သူတို့အိမ်ဖြူတော်မှာ ဘာတွေ လုပ်ရသလဲ၊ တစ်လကို လစာဘယ်လောက် ရသလဲဆိုတာကို ဗဟုသုတရဖွယ်အဖြစ် Shwemom မှ ဖော်ပြလိုက်ပါတယ်။

(၁) သမ္မတရဲ့ Body Man

JordamKarem/Twitter


အမေရိကန်သမ္မတရဲ့အထူးအကူ၊ တစ်ခါတစ်ရံ ပုဂ္ဂိုလ်ရေးဆိုင်ရာလက်ထောက်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရတဲ့သူကို Body Manလို့ ခေါ်ပါတယ်။ တကယ်တော့ သူဟာ သမ္မတရဲ့ တစ်နေ့တာအလုပ်ကို စီစဉ်ခန့်ခွဲရတဲ့သူတစ်ယောက်ပါ။အမေရိကန်သမ္မတကို မနက်ခင်းစောစောမှာ ပထမဆုံးမြင်တွေ့ခွင့် ရတဲ့သူတစ်ယောက်လည်းဖြစ်ပြီး ညအချိန် လုံခြုံရေးပိတ်ဆို့ထားတဲ့အိမ်ဖြူတော်ထဲကို တံခါးမရှိ၊ ဓားမရှိ သွားလာခွင့်ရှိသူပါ။ တစ်ခါတစ်ရံ သမ္မတနဲ့အတူ ခရီးထွက်ရလေ့ရှိပြီး တစ်ခါတစ်ရံတော့လည်း သမ္မတက သတင်းစာအယူခိုင်းတဲ့ ကိစ္စမျိုး၊ ဘောလ်ပင်ယူခိုင်းတဲ့ ကိစ္စမျိုးတွေကိုလည်း ဆောင်ရွက်ရတဲ့သူပါ။


သမ္မတဒေါ်နယ်ထရန့်ရဲ့ Body Man ရဲ့ တစ်နှစ်တာဝင်ငွေက ကန်ဒေါ်လာ(၁၁၅,၀၀၀)ဖြစ်ပါတယ်။

(၂) လက်ရေးတိုသမားများ ၊ သမ္မတပြောသမျှကို လိုက်လံမှတ်သားရသူများ

Beck Dorey-Stein Instagram အိမ်ဖြူတော်မှာ ရှိတဲ့ လက်ရေးတိုသမားရဲ့အလုပ်ကလည်း တကယ်မလွယ်တဲ့အလုပ်ပါ။ သူတို့ဟာ သမ္မတသွားရာနောက်ကိုလိုက်နေရပြီး သမ္မတပြောသမျှ စကားအခွန်းတိုင်းကို လိုက်လံ မှတ်သားထားရပါတယ်။အထူးသဖြင့် သမ္မတက မီဒီယာတွေကို လက်ခံဖြေကြားတာမျိုးတွေ၊အများပြည်သူကို မိန့်ခွန်းပြောကြားတာမျိုးတွေမှာ တစ်လုံးမကျန်လိုက်လံမှတ်သားရပါတယ်။


ဒေါ်နယ်ထရန့်ရဲ့ လက်ရေးတိုသမားရဲ့ တစ်နှစ်စာဝင်ငွေဟာ ကန်ဒေါ်လာ (၉၅,၅၀၀) ရှိပါတယ်။

(၃) လက်ရေးလှ ရေးသူတွေ

Wikimedia Commons


တကယ်တော့အိမ်ဖြူတော်မှာ လက်ရေးလှ ရေးဖို့အတွက် သီးသန့်ခေါ်ထားတဲ့ လူတွေအများကြီးရှိပါတယ်။ ဒီလို စာလုံးအလှရေးတတ်သူတွေကို ငှားရမ်းထားတာအခုမှမဟုတ်ပါဘူး။ ၁၈၆၀ ခုနှစ်လောက်ကတည်းက စပြီးအိမ်ဖြူတော်မှာ ဒီလို စာလုံးအလှရေးတတ်သူတွေကို ခေါ်ယူကာအလုပ်ပေးထားခြင်းလည်းဖြစ်ပါတယ်။


သူတို့ရဲ့အလုပ်ကတော့အိမ်ဖြူတော်က ကျင်းပတဲ့ ဧည့်ခံပွဲတွေအတွက် ဖိတ်စာကို လက်ရေးနဲ့ ရေးပေးရပါတယ်၊ မီနူးကတ်တွေကိုလည်း လက်ရေးနဲ့ ရေးပေးရပါတယ်။ ဒါတင်မဟုတ်ပါဘူး တခြားအရေးကြီးစာရွက်စာတမ်းတွေ၊အသိအမှတ်ပြုအောင်လက်မှတ်တွေအထိ သူတို့ရဲ့ လက်ရေးနဲ့ ရေးပေးရလေ့ရှိပါတယ်။


ဒီလို စာလုံးအလှဖန်တီးတဲ့နေရာမှာလည်း ပြီးစလွယ်ရေးလိုက်လို့မရပါဘူး။ ရာထူးအကြီးအကျယ်အလိုက်ဖြစ်စေ၊ ယဉ်ကျေးမှုအလိုက်ဖြစ်စေ သူတို့မှာ သတ်မှတ်ထားတဲ့ Font ဒီဇိုင်းများစွာနဲ့ ရေးရပါတယ်။


သမ္မတဒေါ်နယ်ထရန့် လက်ထက်မှာ လက်ရေးလှရေးသူတစ်ဦးရဲ့ တစ်နှစ်ဝင်ငွေက ကန်ဒေါ်လာ (၉၉,၄၀၀) ဖြစ်ပါတယ်။

(၄)ပေးစာများကို ဒိုင်ခံ ဖတ်ရသူ

Fiona Reeves/Twitter


နိုင်ငံတွင်းကနေရော၊ ကမ္ဘာတစ်ဝန်းကနေပါအိမ်ဖြူတော်ကို လိပ်မူပြီးရောက်ရှိလာတဲ့ စာအရေအတွက်ဟာ တစ်နေ့ကို ထောင်နဲ့ချီ၊ သောင်းနဲ့ချီဖြစ်ပါတယ်။ ဒီလိုအနယ်နယ်အရပ်ရပ်က ရောက်ရှိလာတဲ့ ပေးစာတွေကို ဖတ်ဖို့အတွက် ဖွဲ့စည်းပေးထားတဲ့အဖွဲ့တစ်ဖွဲ့လည်းအိမ်ဖြူတော်မှာ ရှိပါတယ်။ သူတို့ဟာ ရောက်ရှိလာတဲ့ စာပေါင်းများစွာကို ဒိုင်ခံဖတ်ရှု့ရပြီး တစ်ခါတစ်ရံမှာတော့ သမ္မတကိုယ်စားပြန်စာများကို ရေးပေးရလေ့လည်း ရှိကြပါတယ်။ သမ္မတဘားရက်အိုဘားမားလက်ထက်တုန်းက ဒီလိုတာဝန်တွေကို ယူခဲ့သူFiona Reeves ကတော့ သူဟာ တစ်နေ့ကို စာအစောင်ရေ ၂၀၀ ကနေ ၄၀၀အထိ နေ့စဉ်ဖတ်ရတယ်လို့ ဆိုပါတယ်။


သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာ ဒီလိုတာဝန်ယူထားသူရဲ့ တစ်နှစ်ဝင်ငွေက ကန်ဒေါ်လာ (၇၇,၇၀၀) ရှိပါတယ်။

(၅) ဧည့်ကြို

Wikimedia Commons


အိမ်ဖြူတော်က ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားတို့၊ ပျော်ပွဲရွှင်ပွဲတွေတို့မှာ ကြွရောက်လာတဲ့ ဧည့်သည်တော်တွေကို ကြိုဆိုဖို့ ဧည့်ကြိုများလည်း ရှိပါတယ်။ ဒီလို ဧည့်ကြိုတွေအများစုဟာအမေရိကန်စစ်ဘက်ဆိုင်ရာမှ ဗိုလ်များဖြစ်ကြပါတယ်။


သူတို့ရဲ့အလုပ်ကလည်း လွယ်တော့မလွယ်ကူပါဘူး။ တစ်ခါတစ်ရံ ဧည့်သည်တွေအဖော်မဲ့လို့ ကချင်တဲ့အခါ သူတို့ကအဖော်အဖြစ် လိုက် ကပေးရပါတယ်။ ဧည့်သည်တွေ တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်မနေဖို့လည်း ထွေရာလေးပါးလည်း ပြောဆိုပေးဖို့လည်း သူတို့ ကြိုတင်ပြင်ဆင်ထားရပါတယ်။


ဒီလို ဧည့်ကြိုအလုပ်ဟာအမေရိကန်နိုင်ငံရဲ့ ယဉ်ကျေးမှုရိုးရာဖြစ်နေတာကြောင့် သူတို့ကို လစာမပေးရပါဘူး။အခမဲ့ပဲ လုပ်ကြပါတယ်။


Ye Yint Kyaw

Ref : Insider.com , Wikiepdia , www.whitehouse.gov




Some text some message..