အကနှင့်အားကစားကိုပေါင်းစပ်ပြီးအောင်မြင်မှုရနေသည့်ကုမ္ပဏီ
mmtimes.com
|
2019-09-13



အကနှင့်အားကစားကိုပေါင်းစပ်ပြီးအောင်မြင်မှုရနေသည့်ကုမ္ပဏီ

ဘဲတို ပီရက်ဇ် ဆယ်ကျော်အရွယ်တွင် တစ်စုံတစ်ခုကို မေ့မိခဲ့သည်။ ယင်းသို့မေ့လျော့ခဲ့ခြင်းအတွက် ၎င်းသည် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိသော ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ပူးတွဲပိုင်ဆိုင်ရန်အတွက် လမ်းကြောင်းပေါ်တင်ပေးလိုက်သကဲ့သို့ရှိခဲ့သည်။

၁၉၈၆ ခုနှစ်က ကိုလံဘီယာသား ဘဲတိုသည်အသက် ၁၆ နှစ်သာရှိသေးသည်။ နိုင်ငံအနောက်တောင်ပိုင်းရှိ သူ့မွေးရပ် ကာလီမြို့တွင်အေရိုးဗစ်သင်တန်းတွင် ဆရာဝင်လုပ်နေသူဖြစ်သည်။ သင်တန်းတွင်အလုပ်ရှင်ပေးထားသည့်အမေရိကန်ပေ့ါသီချင်းများကိုသာအသုံးပြုပြီးအေရိုးဗစ်သင်ကြားရသည်။အဲ့ဒီသီချင်းများထဲတွင် မက်ဒွန်နာ၊ မိုက်ကယ်ဂျက်ဆင်တို့၏သီချင်းများလည်းပါဝင်သည်။ သို့သော် တစ်ရက်တွင် ¤င်းသည်အိမ်တွင် ကက်ဆက်ခွေမေ့ကျန်ရစ်ခဲ့သည်။ ဒါကြောင့် သူ့နည်းသူ့ဟန်ဖြင့် သီချင်းတွေရအောင် ကြိုးပမ်းခဲ့ရသည်။

'ကျွန်တော့်ကားထဲကအခွေကိုပဲသုံးခဲ့ရတယ်'ဟု ယခုအသက် ၄၉ နှစ်ရှိပြီဖြစ်သည့် ဘဲတိုကဆိုသည်။ သူ့ကားထဲက ကက်ဆက်ခွေတွင် လက်တင်သီချင်းများသာပါခဲ့သည်။အထူးသဖြင့် ဆယ်လ်ဆာနှင့် မီရန်ဂူတေးသံများဖြစ်ကြသည်။ ရေဒီယိုက ထုတ်လွှင့်သည့်သီချင်းများကို သူအသံဖမ်းထားခြင်းဖြစ်သည်။ ထို့ကြောင့်အထူးတန်းသင်ကြားဖို့ရှိသည်ဟု ကျောင်းသားများကိုပြောပြီး သင်တန်းချိန်မိနစ် 30အတွင်း လက်တင်သီချင်းများနှင့် ကိုက်သည့် ကကွက်များကို သူလုပ်ကြံဖန်တီးပြီး သင်ကြားပေးခဲ့သည်။အတန်းသားတွေအကုန် သူ့သီချင်းနှင့် ကဟန်များကို နှစ်သက်သွားကြသည်။ ယခင်ထက်ပင် ပျော်ခဲ့ရကြောင်း ¤င်းတို့ကဆိုသည်။ ထို့ကြောင့် သူသည် လက်တင်သီချင်းများနှင့် ကဟန်ကိုသာ သင်ကြားရန် ဘဲတိုဆုံးဖြတ်ခဲ့သည်။

ထိုနည်းဖြင့် ဘဲတိုတစ်ယောက် နာမည်ကျော်လာခဲ့သည်။ သူ့သင်တန်း လာတက်သည့်သူများ ပိုများလာခဲ့သည်။ စောင့်ဆိုင်းစာရင်းပင် လူတော်တော်များနေခဲ့သည်။ ကောင်းသတင်းလေညှင်းဆောင်သကဲ့သို့ ဘဲတိုသင်တန်းအကြောင်း ကိုလံဘီယာတစ်နိုင်ငံလုံး ပျံ့နှံ့သွားခဲ့သည်။ ဒါဟာ ဇွမ်ဘာ၏အစဖြစ်သည်။ နောက်ပိုင်းတွင် ဘဲတိုသည်အကနှင့်အားကစားကိုရောထားသည့် Zumba Fitness စီးပွားရေးကို ထူထောင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ယနေ့ဆိုလျှင် မိုင်ယာမီအခြေစိုက် ကုမ္ပဏီသည် လူတိုင်းပါးစပ်ဖျားတွင်ရှိနေသည့် နာမည်တစ်ခုဖြစ်နေပေပြီ။ နိုင်ငံပေါင်း ၁၈၆ နိုင်ငံရှိ လူ ၁၅ သန်းသည် ဇမ်ဘာလေ့ကျင့်ခန်းလုပ်ရသည့် သင်တန်းများကိုအပတ်စဉ်တက်ရောက်လျက်ရှိကြသည်။

ကုမ္ပဏီသည် ဈေးကွက်တန်ဖိုး သန်း ၅၀၀အထိတန်ဖိုးရှိနေသည်။ ဘဲတို၏ပိုင်ဆိုင်မှုတန်ဖိုးသည်လည်း ဒေါ်လာ သန်း ၃၀အထိရှိမည်ဟု ခန့်မှန်းထားသည်။ ဆင်းရဲမွဲတေသည့် ငယ်ဘဝနှင့်တော့အကွာကြီးကွာလှသည်။ ကာလီတွင် မွေးဖွားကြီးပြင်းခဲ့သည့် ဘဲတိုသည် ခင်ပွန်းမရှိဘဲ တစ်ဦးတည်းရုန်းကန်နေရသည့် မိခင်ကိုကူညီရန်အသက် ၁၄ နှစ်အရွယ်တွင်အလုပ်စလုပ်ခဲ့ရသည်။ တစ်နှစ်အကြာမှာတော့ ဘဝသစ်စရန်ရန်ဆိုကာ မိခင်ဖြစ်သူသည်အမေရိကန်ပြည်ထောင်စုသို့ တစ်ဦးတည်းထွက်သွားခဲ့သည်။ ဘဲတိုသည် မိခင်နှင့် ၁၀ နှစ်ခန့် မတွေ့ဘဲနေခဲ့ရသည်။

ကနဦးတွင် ဘဲတိုသည်အလုပ်မျိုးစုံလုပ်ခဲ့သည်။ ကုန်ခြောက်ထုပ်ပိုးခဲ့ရသည်။ ဆောက်လုပ်ရေးလုပ်ငန်းတွင် နေ့စားဝင်လုပ်ခဲ့သည်။ ရေခဲမုန့်ရောင်းခဲ့သည်။ ကော်ဖီဆိုင်üလည်း လုပ်ခဲ့သေးသည်။ သို့သော် သူ့နှလုံးသားထဲတွင်ရှိသည်က ဂီတနှင့်အကသာဖြစ်ပါ၏။ သို့ဖြင့် သူအေရိုးဗစ်ဆရာဖြစ်လာခဲ့သည်။

ဘဲတို၏သင်တန်းတက်ရောက်သူများလာသည့်အခါ ကိုလံဘီယာမြို့တော် ဘိုဂိုတာသို့ ပြောင်းရွှေ့လာခဲ့သည်။ နောက် ၁၃ နှစ်အတွင်း လုပ်ငန်းကြီးထွားလာပြန်သည်။ ကိုလံဘီယာပေါ့အဆိုတော် ရှာကီရာကိုယ်တိုင်က သူ့ရဲ့ သီချင်းဗီဒီယိုများတွင် ပါဝင်ကပြသရုပ်ဆောင်ရန်ပင် ငှားရမ်းခဲ့သည်။ ယင်းကာလက ဇွမ်ဘာဆိုသည့်အမည်မပေါ်သေး။ ဘဲတိုက သူ့အတန်းကို ရွမ်ဘာ ဟုသာ ခေါ်ခဲ့သည်။အဓိပ္ပါယ်မှာ ပါတီဖြစ်သည်။

ဘဲတိုသည် ကိုလံဘီယာတွင်အောင်မြင်ခဲ့သော်လည်း လူတန်းစားမရွေး ကြိုးစားလျှင်အောင်မြင်နိုင်သည်ဆိုသည့်အမေရိကန်အိပ်မက်ကို သူမက်ချင်ခဲ့သည်။ ဒါကြောင့် ၁၉၉၉ ခုနှစ်တွင် မိုင်ယာမီသို့ ပြောင်းရွှေ့လာခဲ့ပြန်သည်။အောက်လမ်းမှ ပြောင်းရွှေ့လာခြင်းဖြစ်သည်။အင်္ဂလိပ်စကားကောင်းကောင်းမပြောတတ်သောကြောင့်အမေရိကန်ပြည်ထောင်စုသု့ိရောက်ခါစတွင် ငွေများစွာမရှာနိုင်ခဲ့ကြောင်း သူက ဖွင့်ဟခဲ့သည်။

သို့သော် လက်တင်ဂီတနောက်ခံသည့်အကသင်တန်းများကို ဖွင့်လှစ်ခဲ့ပြီးနောက် သူ့အခြေအနေတိုးတက်လာခဲ့သည်။ ယင်းအချိန်တုန်းကအကပုံစံများနှင့်ကွဲပြားသောကြောင့် လူများက သူ့အတန်းကိုလာတက်ခဲ့ကြသည်။

သူ့အတန်းများလူပြည့်သော်လည်း ဒါကို စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲရန် ၎င်းတွင်အတွေးအမြင်မရှိခဲ့။ ကံကောင်းထောက်မစွာပင် သူ့ကျောင်းသူတစ်ဦးက သားဖြစ်သူအဲဘာတို ပါးမန်းနှင့် သူ့သူငယ်ချင်းအဲဘာတိုအဂီယွန်တို့နှင့် မိတ်ဆက်ပေးခဲ့သည်။ကိုလံဘီယာနွယ်ဖွားအမေရိကန်နိုင်ငံသားများဖြစ်သည့် ပါးမန်းနှင့်အဂီယွန်တို့သည် ဘဲတို၏သင်တန်းတွင် စီးပွားရေးအလားအလားများရှိသည်ကို မြင်ရုံနှင့် သိခဲ့ကြသည်။ သို့ဖြင့် ၂၀၀၁ ခုနှစ်တွင် ကုန်ပစ္စည်းနာမည်ဖြစ်သည့် ဇွမ်ဘာကို ဖန်တီးခဲ့ကြသည်။

ကနဦးတွင် သူတို့သုံးဦးသည် ဘဲတိုပါဝင်ထားသည့် ကျန်းမာရေးနှင့်အကရောထားသော ဗီဒီယိုများကို ရောင်းချရန် စီစဉ်ခဲ့သည်။ သို့သော် ငွေကြေးမရှိသောကြောင့် ဖြစ်အောင် တစ်နည်းနည်းနှင့် ဖန်တီးခဲ့ရသည်။ ငွေမရှိသောကြောင့်အဲဘာတိုအဂီယွန်၏ကားဂိုထောင်ထဲ၌ပင် ရိုက်ကွင်းကိုဖန်တီးခဲ့ရကြောင်း ဘဲတိုကဆိုသည်။ မကြာမီပင် လူများက သူတို့ကိုဆက်သွယ်လာပြီး ဇွမ်ဘာအကသင်တန်းဆရာဖြစ်ချင်ကြောင်း ပြောဆိုလာခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် လူ ၁၅၀ ဦးကစတင်ဆက်သွယ်လာခဲ့ခြင်းဖြစ်သည်။ သိပ်မကြာမီ လူ ၇၀၀ ရှိလာခဲ့သည်။ ယင်းနောက် ထောင်သောင်းချီလာခဲ့သည်။

ယနေ့မှာတော့ ကမ္ဘာတစ်ဝန်း Zumba မှသင်တန်းဆရာ ၁၀၀၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ ကုမ္ပဏီက ထုတ်ပေးသည့် သင်တန်းတက်ရောက်ပြီးကြောင်း လက်မှတ်ရရှိစေရန် တစ်ဦးလျှင် ၂၂၅ ဒေါ်လာပေးဆောင်ရသည်။ ထို့ပြင် သင်တန်းဆရာများသည် စီဒီ၊ ဒီဗွီဒီနှင့်အကဆိုင်ရာလမ်းညွှန်မှုများဆက်လက်ရရှိစေရန်အတွက် လစဉ်ကြေးအဖြစ် ဒေါ်လာ ၃၀ ကိုလည်း ပေးသွင်းကြရသည်။ ယင်းနောက်အဝတ်အစားများတွင်အသုံးပြုခ၊ ဂီတအခွေများနှင့် ကွန်ပျူတာဂိမ်းများမှလည်းအမြတ်ငွေတွေရလာခဲ့သည်။ ကုမ္ပဏီ၏နှစ်စဉ်အမြတ်ငွေသည် ဒေါ်လာသန်းပေါင်းစွာရှိကြောင်း ပြောဆိုမှုရှိနေသည်။ မည်မျှရသည်ကိုမူ ကုမ္ပဏီက မထုတ်ပြန်ခဲ့။

Zumba ၏ ပျော်ရွှင်မှုနှင့် ကျန်းမာရေးအဓိကထားသော ကကွက်များကြောင့် နိုင်ငံပေါင်း ၁၈၀ ကျော်အထိပင် ပျံ့နှံ့သွားပြီဖြစ်ကြောင်း စွန်ဦးစီးပွားရေးလုပ်ငန်းရှင်များကိုလေ့လာသူ ဂျေးမဟာရာဇကပြောဆိုခဲ့သည်။ ကုမ္ပဏီသည် လျှင်မြန်စွာကြီးထွားလာနေပြီး တောင်ကိုရီးယားနှင့်အင်ဒိုနီးရှားကဲ့သို့ နိုင်ငံများလည်း လုပ်ငန်းကြီးများရှိနေပြီဖြစ်ကြောင်း ကုမ္ပဏီ၏ဖန်တီးမှုဆိုင်ရာဒါရိုက်တာရာထူးယူထားသည့် ဘဲတိုကပြောဆိုခဲ့ပါကြောင်း။

(Zumba: How a missing tape launched a global craze ကို ပြန်ဆိုသည်။)

ရီလွင် ဘာသာပြန်သည်။




Some text some message..