
၉ လအရွယ် သမီးငယ်လေးဟာ လိင်ကျူးလွန်မှုခံထားရတဲ့ ဒဏ်ရာတွေနဲ့ ဝေဒနာကိုအရွယ်နဲ့မမျှအောင် လူးလွန့်ခံစားရင် သေးဆုံးခဲ့ရတာကြောင့် ကလေးထိန်းဖြစ်တဲ့အမျိုးသမီးနှင့် သူမရဲ့ခင်ပွန်းဖြစ်သူတို့ကို မလေးရှားရဲအဖွဲ့က ဖမ်းဆီးထားပါတယ်။
မလေးရှားနိုင်ငံ ကာဂျန်းမြို့၊ ဘန်ဒါဘာရူးဘန်ဂီ ရပ်ကွက်မှာ နေထိုင်တဲ့ကလေးရဲ့မိဘတွေဟာ စက်တင်ဘာလ လောက်ထဲက စပြီး သူတို့အလုပ်သွားတဲ့အခါအိမ်နီးနားချင်း ကလေးထိန်းအမျိုးသမီးထံမှာ ကလေးကိုအပ်နှံခဲ့လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက် ညနေ ၃ နာရီအချိန်ခန့်မှာတော့ မိဘတွေဟာ ကလေးထိန်းဆီကနေ ကလေးကို ပြန်သွားခေါ်ချိန် ကလေးကို စိုးရိမ်စရာအနေအထားနဲ့ တွေ့ခဲ့တာကြောင့်အရေးပေါ် ဆေးရုံတင်ခဲ့ရပါတယ်။ ကလေးဟာ စိုးရိမ်ရတဲ့အခြေအနေရှိနေခဲ့ပြီးအသက်ရှုအားကူနည်းနဲ့ ကယ်တင်ခဲ့ရပါတယ်။
ဆရာဝန်တွေက ကလေးရဲ့ မိန်းမအင်္ဂါ၊ စအိုဝ နဲ့ ဦးခေါင်းတို့မှာ ဒဏ်ရာတွေ ရရှိထားပြီး၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရတဲ့ ဒဏ်ရာတွေဖြစ်တယ်ဆိုတာ သိသာတယ်လို့ မြို့နယ် လက်ထောက်ရဲမှူးဖြစ်တဲ့ Ahmad Dzaffir Mohd Yussof က ပြောကြားခဲ့ပါတယ်။
ကလေးမလေးဟာ ဆေးရုံတက်ပြီး ၂ ရက်အကြာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ ကလေးထိန်းဖြစ်သူအသက် ၂၈ နှစ်အရွယ်အမျိုးသမီးနဲ့ ခင်ပွန်းဖြစ်သူ ၃၆ နှစ်အရွယ်အမျိုးသားတို့ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။
အမျိုးသားဖြစ်သူမှာ ဆံပင်ညှပ်သမားတစ်ဦးဖြစ်ပြီး စိတ်ကြွဆေးပြားသုံးစွဲတဲ့ လက္ခဏာတွေ့ရှိရကြောင်း ဆေးစစ်ချက်အရ သိရှိရတယ်လို့ ရဲမှူးက ပြောကြားခဲ့ပါတယ်။
မိဘတွေအနေနဲ့ ရင်ခွင်ပိုက်သားသမီးကို ကိုယ်တိုင်ပြုစုစောင့်ရှောက်မှုကသာ စိတ်အချရဆုံးဖြစ်တယ်ဆိုတာကို ဒီအမှုက နမူနာယူလောက်ပါတယ်။