စပိန်တွင် ခရစ္စမတ်ထီကို မက်ဒရစ်မြို့၌ ဒီဇင်ဘာ ၂၂ ရက်က ဖွင့်လှစ်စဉ်။ အေပီ
စပိန်တွင် ခရစ္စမတ်ထီဖွင့်၊ ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၄၃ ဘီလျံရှိ
စပိန်နိုင်ငံတွင် ခရစ္စမတ်ကာလရောက်တိုင်း နှစ်စဉ်ဖွင့်လှစ်နေကျ ခရစ္စမတ်ထီကို ဒီဇင်ဘာ ၂၂ ရက်က ဖွင့်လှစ်ခဲ့ပြီး ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၄၃ ဘီလျံဖိုး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆုကြေးအကြီးဆုံးမှာ ယူရို လေးသိန်းတန်ဆု (၄၃၆၀ဝ၀ ဒေါ်လာ) ဖြစ်ပြီး ထီဖွင့်လှစ်ပုံကို ရုပ်သံမှတစ်ဆင့် တိုက်ရိုက်ပြသခဲ့သည်။ အခြားသော ဆုသေးအများအပြားလည်း ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံတကာရှိ အခြားသော ထီဆုများသည် ထီတစ်ဆုချင်းအားဖြင့် စပိန် ခရစ္စမတ်ထီထက် ပိုများကောင်း များနိုင်သော်လည်း ဒီဇင်ဘာ ၂၂ ရက်ရောက်တိုင်း ဖွင့်လှစ်သည့် စပိန် ခရစ္စမတ်ထီထက် ဆုကြေးငွေ စုစုပေါင်းအားဖြင့် ပိုများသော နိုင်ငံတကာထီ မရှိသေးပေ။ထီဖွင့်လှစ်ပေးသည့် စုစုပေါင်း ဆုကြေးငွေ အများဆုံးထီအဖြစ် မှတ်တမ်းဝင်သည်။
ဆုကြေးအများဆုံး ယူရို လေးသိန်း ဆွတ်ခူးသည့် ထီလက်မှတ်များကို စပိန်အရှေ့မြောက်ပိုင်း တာရာဂိုနာနှင့် ဘာစီလိုနာ၊ နိုင်ငံအလယ်ပိုင်း မက်ဒရစ်နှင့် ဆာလာမန်ကာ၊ တောင်ပိုင်း အလီကန်တီ၊ မာစီယာနှင့် ဆီဗယ်လီတို့တွင် ရောင်းချခဲ့ခြင်း ဖြစ်သည်။ ထိပ်ဆုံးထီဆု ဆွတ်ခူးသူများသည် အခွန်အဖြစ် ယူရို ၇၆၀ဝ၀ ပေးဆောင်ကြရမည်ဖြစ်သည်။ ယူရို နှစ်သောင်းအောက် ဆုများသည် အခွန်ကင်းလွတ်ခွင့် ရရှိကြသည်။ ဒီဇင်ဘာ ၂၂ ရက်တွင် နိုင်ငံတစ်ဝန်း ထီထိုးထားသည့် မိသားစုတိုင်း တီဗီရှေ့ထိုင်ကာ ထီဖွင့်ပွဲ တိုက်ရိုက်ကြည့်ရှုကြပြီး ထီဆုကြီး ပေါက်သူများကိုလည်း ရပ်ရွာက ဝိုင်းဝန်းဂုဏ်ပြုကြ၊ မီဒီယာများက မှတ်တမ်းယူကြဖြင့် ခရစ္စမတ်ကာလ ပျော်ရွှင်စရာတစ်ရပ်အဖြစ် နှစ်စဉ် ကျင်းပလျက်ရှိသည်။
မက်ဒရစ်မြို့ တာတရို ရီးရဲ ပြဇာတ်ရုံတွင် ထီဖွင့်ပွဲ ကျင်းပခဲ့ပြီး မက်ဒရစ်မြို့ ဆန် အီဒယ်ဖွန်ဆိုကျောင်းမှ ကလေးများက ထီဂဏန်းများ မဲနှိုက်ရွေးချယ်ပေးခဲ့ကြခြင်း ဖြစ်သည်။ စပိန်တွင် တတိယမြောက် ကားလို့စ် ဘုရင်လက်ထက် ၁၇၆၃ ခုနှစ်က စတင်ကာ နိုင်ငံတော်ထီကို ဖွင့်လှစ်ခဲ့ပြီး ရရှိလာသော ဘဏ္ဍာငွေများကို ပရဟိတလုပ်ငန်းများအတွက် အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံ့ဘဏ္ဍာကိုပါ ထည့်ဝင်သယ်ပိုးနိုင်သည့် ထီစနစ်အဖြစ်သို့ ရောက်ရှိခဲ့သလို ပရဟိတလုပ်ငန်း အများအပြားကိုလည်း ရန်ပုံငွေ စိုက်ထူပေးနိုင်ခဲ့သည်။