၂၀၂၀ အင်္ဂါဂြိုဟ်စီမံကိန်းအတွက် ဒုံးပျံတစ်စင်း တရုတ်စမ်းသပ်လွှတ်တင်
mmtimes.com
|
2019-12-28



ပေကျင်းရှိ အမျိုးသားပြတိုက်၌ Long March စီးရီးမှ ဒုံးကျည်ပုံစံငယ်များကိုပြသထားစဉ်။ အီးပီအေ

၂၀၂၀ အင်္ဂါဂြိုဟ်စီမံကိန်းအတွက် ဒုံးပျံတစ်စင်း တရုတ်စမ်းသပ်လွှတ်တင်

တရုတ်နိုင်ငံသည် ၂၀၂၀ပြည့်နှစ်တွင် အင်္ဂါဂြိုဟ်သို့ အာကာသယာဉ်စေလွှတ်ရေး အစီအစဉ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စွမ်းအားအရှိဆုံးဒုံးပျံများအနက်တစ်ခုကို ဒီဇင်ဘာ ၂၇ ရက်တွင် စမ်းသပ်လွှတ်တင်ခဲ့သည်။

စမ်းသပ်ဂြိုဟ်တုတစ်ခုတင်ဆောင်ထားသည့် Long March 5 ဒုံးပျံသည် နိုင်ငံတောင်ပိုင်းရှိ ဟိုင်နန်ကျွန်းရှိ ဝိုင်ချန်းဒုံးပျံလွှတ်တင်ရေးစခန်းမှ ဒေသဆိုင်ရာစံတော်ချိန် ည ၈ နာရီ ၄၅ မိနစ်တွင် ပျံတက်ခဲ့ပုံကို နိုင်ငံပိုင်သတင်းဌာနက စီစီတီဗွီက ဖော်ပြခဲ့သည်။

စက္ကန့် ၂၀၀၀ ကျော်အကြာတွင် ရှီချန်း ၂၀ ဂြိုဟ်တုကို သတ်မှတ်ထားသည့် ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့သည်။ အနာဂတ်အာကာသခရီးစဉ်များအတွက် အဆင့်မြင့်နည်းပညာများကို စမ်းသပ်ခြင်းဖြစ်ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။

တရုတ်သည် အင်္ဂါဂြိုဟ်သို့ လာမည့်နှစ်တွင် အာကာသယာဉ်စေလွှတ်ရန်ရှိနေပြီး ၂၀၂၂ ခုနှစ်တွင် လူသားနေထိုင်သော အာကာသစခန်းထားရှိနိုင်ရန် စီစဉ်ထားသည်။ Long March 5 တွင်အရေးပါသော တာဝန်များရှိနေကြောင်း တရုတ်အမျိုးသားအာကာသအုပ်ချုပ်ရေးအဖွဲ့ ဒုတိယအကြီးအကဲ ဝူယန်ဟွာက ပြောဆိုခဲ့သည်။

တရုတ်သည် ၂၀၁၇ ခုနှစ် ဇူလိုင်တွင် အလားတူစမ်းသပ်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ချေ။ ပစ္စည်းအလေးချိန် ၂၅ တန်အထိတင်ဆောင်နိုင်သည့် Long March 5 သည် အမေရိကန်လုပ် Delta IV Heavy ၊ ရုရှားလုပ် Proton-M ဒုံးပျံများကဲ့သို့ စွမ်းဆောင်ရည်ရှိနေသည်။ ၁၉၆၉ ခုနှစ်တွင် အာကာသယာဉ်မှူးများအား လသို့ပို့ဆောင်ပေးနိုင်ခဲ့သည့် အမေရိကန်လုပ် Saturn V ဒုံးပျံသည် တန် ၁၄၀ ခန့်တင်ဆောင်နိုင်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် တရုတ်သည် လူသားတစ်ဦးကို ကမ္ဘာပတ်လမ်းကြောင်းသို့ စေလွှတ်နိုင်ခဲ့သည့် တတိယမြောက်နိုင်ငံဖြစ်လာခဲ့သည်။




Some text some message..