
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ဝန် Anne Hidalgo က မြို့လည်ကောင်အနီးဝန်းကျင်ရှိ သမိုင်းဝင်အထင်ကရ နေရာများတွင် လေထုညစ်ညမ်းမှု လျှော့ချရန် ရည်ရွယ်ချက်ဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ရန် စဉ်းစားသုံးသပ်လျှက်ရှိကြောင်း သိရှိရသည်။
ပဲရစ်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန်အလိုလျှောက်မောင်းနှင်သော လျှပ်စစ်စွမ်းအင်သုံး ဘတ်စ်ကားများကိုအစားထိုးပြေးဆွဲပေးထားပြီဖြစ်ကြောင်း မြို့တော်ဝန် Anne Hidalgo နဲ့ နီးစပ်သောအသိုင်းအဝိုင်းက မြို့တော်ဝန်၏ သဘောထားကို ပြောကြားခဲ့သည်။
မြို့တော်၏ သမိုင်းဝင်အထင်ကရ နေရာများဖြစ်သည့် Louvre ပြတိုက်နဲ့ Notre Dame ဘုရားကျောင်းဝန်းကျင်အနီးတွင် ကားများသွားလာမောင်းနှင်ခွင့်မရှိသော နေရာများဖြစ်လာရန်အကောင်ထည်ဖော်ဖို့ စဉ်းစားနေပြီဖြစ်သည်။
အဆိုပါအစီစဉ်ဟာ Hidalgo ရဲ့ နောက်ထပ်သက်တမ်းတွင်အကောင်ထည်ဖော်ရန် စဉ်းစားထားပြီး လိုအပ်သော စစ်တမ်းကောက်မှုများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားတော့မည်ဖြစ်သည်။
လက်ရှိ ပဲရစ်၏အချို့နေရာများတွင် လတစ်လ၏ ပထမဦးဆုံး တနင်္ဂနွေနေ့တွင် ကားလုံးဝမမောင်းရ နေရာများ သတ်မှတ်ထားပြီးဖြစ်ကာ Hidalgoအနေနဲ့ ၂၀၁၉ ခုနှစ်တွင်အဆိုပါစည်းကမ်းကို တနင်္ဂနွေနေ့တိုင်းမှာ လိုက်နာသွားရန် တို့ချဲ့လုပ်ဆောင်ဖို့ မျှော်မှန်းထားကြောင်း သိရှိရသည်။
မြို့တော်တစ်ဝှမ်းလုံးတွင်အခမဲ့ ဘတ်စ်ကားစနစ်များအကောင်အထည်ဖော်ရန်လည်း လေ့လာဆောင်ရွက်နေပြီး လက်ရှိမှာတော့ ဘေးအန္တရာယ်ကင်းသည့် စက်ဘီး လမ်းကြောင်းသစ်များ ဖော်ဆောင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
ဓါတ်ဆီကားများထက် လေထုညစ်ညမ်းကာအဆိပ်အတောက်ပိုပြီး ဖြစ်စေတဲ့ ဒီဇယ်ကားများကို ၂၀၂၄ ခုနှစ်တွင် လုံးဝပပျောက်အောင် ဆောင်ရွက်သွားမည်ဟု မနှစ်က ကြေညာခဲ့ပြီးနောက် ဒီဇယ်ကားပိုင်ရှင်တွေအနေနဲ့အခြားပို၍ သန့်ရှင်းတဲ့ လောင်စာသုံး ကားအမျိုးအစားများကို ပြောင်းလဲဝယ်ယူမည်ဆိုပါက ယူရို ၆၀၀၀ ထောက်ပံ့ ပေးသွားမည်ဟုလည်း မက်လုံးပေးထားခဲ့သည်။
၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် နွေရာသီအိုလံပစ်ပြိုင်ပွဲကို ပြင်သစ်ကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
Hidalgo ဟာ ၂၀၁၄ ခုနှစ်ထဲက မြို့တော်ဝန်ဖြစ်လာခဲ့ပြီး ၂၀၂၀ မှာ ပြန်လည်ရွေးကောက်ခံဖို့ ရှိ၊ မရှိဆိုတာကိုတော့ သေချာ မသိရှိရသေးပါ။