နွေ ပဲတီစိမ်းငါးဧက မျိုးကောင်းခဲ့၍ မိုးပဲတီစိမ်းစိုက်ပျိုးရန် ပြင်ဆင်နေ
mmtimes.com
|
2020-06-05



နွေ ပဲတီစိမ်းငါးဧက မျိုးကောင်းခဲ့၍ မိုးပဲတီစိမ်းစိုက်ပျိုးရန် ပြင်ဆင်နေ

မင်းဘူး စကုမြို့အတွင်း နွေကာလ၌ စိုက်ပျိုးခဲ့သည့် ပဲတီစိမ်းငါးဧကသည် မျိုးကောင်း၊ မျိုးသန့်ရရှိခဲ့သည့် အတွက် ယခုနှစ်မိုးရာသီ၌လည်း မိုးပဲတီစိမ်း စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောသည်။

ပဲတီစိမ်းသီးနှံသည် နှမ်းသီးနှံပြီး ပါက ဒုတိယဈေးကွက်ဝင်သီးနှံဖြစ်ကာ လက်ရှိပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၄၀,ဝဝဝ ဝန်းကျင်ဈေးရှိကြောင်း သိရသည်။

"မင်းဘူး စကုမြို့နယ်အတွင်းရှိ ဥယျာဉ်ဇဉ် ကျေးရွာအုပ်စု ကွင်းအမှတ် ၁၁၉၂ ကွင်းမှာ စိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အကျိုးဆောင်တောင်သူတွေနဲ့ အခုနှစ် နွေကာလ ဧပြီလဆန်းပိုင်းက နွေပဲတီစိမ်းစံပြကွက်ငါးဧက စိုက်ပျိုးခဲ့ပါတယ်။ ဒီနှစ်မိုးကာလမှာ ပဲတီစိမ်း စိုက်ပျိုးမယ့်တောင်သူတွေ မျိုးကောင်း၊ မျိုးသန့်ရရှိအောင် စိုက်ပျိုးခဲ့တာဖြစ်တယ်။ ယခုရက်ပိုင်း စံပြကွက် ငါး ဧက စိုက်ထားတဲ့ နွေပဲတီစိမ်းတွေ ရိတ်သိမ်းဆွတ်ခူးနေပါပြီ"ဟု ဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောသည်။

မင်းဘူး စကုမြို့နယ်အတွင်း နွေကာလ၌ နွေစပါး၊ နွေနှမ်းနှင့် နွေပဲတီစိမ်း သီးနှံတို့ကိုသာ အဓိကစိုက်ပျိုး လုပ်ကိုင်ကြပြီး ယခုနောက်ပိုင်းတွင် ပဲတီစိမ်းသီးနှံကို တောင်သူများစိတ်ဝင်စားကာ စိုက်ဧကများတိုးမြှင့်စိုက်ပျိုးလာကြကြောင်း သိရသည်။

"ပဲတီစိမ်းသီးနှံကို ရာသီဥတုကြောင့် စိုက်ရက်တိုတာရယ်၊ ဈေးကွက် ရှိတာရယ်ကြောင့် စိတ်ဝင်စားပြီး စိုက် ဧကတိုးပြီးစိုက်ပျိုးခဲ့ပါတယ်။ တစ်ဧက ကုန်ကျစရိတ် တစ်သိန်းကျော်လောက်ပဲ ကုန်ကျတယ်။ စိုက်ပျိုးစရိတ်လည်း သက်သာတယ်။ ခုမိုးကာလမှာ စိုက် ဧကတိုးကာ ခြောက်ဧကခန့်အထိ တိုးပြီးစိုက်ပျိုးမှာဖြစ်ပါတယ်"ဟု မင်းဘူး စကုမြို့နယ် ရေမျက်ကျေးရွာနေ တောင်သူ ကိုကျော်ဝင်းထွန်းက ပြောသည်။


#ပဲတီစိမ်း
#မင်းဘူး
#နွေကာလ
#စိုက်ပျိုး
#သီးနှံ

Some text some message..