ကိုဗစ်ကုစားမှုအတွက် စိုက်ပျိုးထားသည့် စိုက်ဧက ၇ဝဝမှ မျိုးစပါးတင်းပေါင်း ၅၆ဝဝဝ ကျော် ထွက်ရှိမည်
mmtimes.com
|
2020-10-18



ကိုဗစ်ကုစားမှုအတွက် စိုက်ပျိုးထားသည့် စိုက်ဧက ၇ဝဝမှ မျိုးစပါးတင်းပေါင်း ၅၆ဝဝဝ ကျော် ထွက်ရှိမည်

မင်းဘူး(စကု)မြို့နယ်တွင် ပြီးခဲ့သည့်မိုးစပါးစိုက်ရာသီက ကိုဗစ်ရောဂါကုစားမှုအစီအစဉ်အနေဖြင့် မျိုးစပါးမျိုးစေ့ထုတ်ခြင်းလုပ်ငန်းတွင် စပါးစိုက်ဧက ၇ဝဝ မှ ရိတ်သိမ်းပြီးပါကမျိုးစပါးတင်းပေါင်း ၅၆ဝဝဝ ကျော်ထွက်ရှိမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

စိုက်ပျိုးထားသည့်စပါးမျိုးများကစတင်ရိတ်သိမ်းနေပြီး လက်ရှိတွင် စပါးစိုက်တစ်ဧကလျှင် တင်း ၈ဝ ကျော်ထွက်ရှိနေသဖြင့် စိုက်ဧက ၇ဝဝ တွင်မျိုးစပါးတင်းပေါင်း ၅၆ဝဝဝ ကျော်ထွက်ရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းနိုင်ဝင်းကပြောသည်။

''မင်းဘူး(စကု) မြို့နယ်အတွင်းပြီးခဲ့တဲ့ မိုးစပါးရာသီက နိုင်ငံတော်အစိုးရက ကိုဗစ်ရောဂါကုစားမှုအစီအစဉ်နဲ့ မိုးစပါးမျိုးစေ့ထုတ်ခြင်းလုပ်ငန်းကို စိုက်ဧက ၇ဝဝ တွင် ကျေးရွာအုပ်စုပေါင်း၂၅ အုပ်စုမှ တောင်သူပေါင်း ၁၃၈ ဦးနဲ့ မျိုးစပါးများရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ မျိုးစေ့ထုတ်တောင်သူတွေကို ထောက်ပံ့ကြေးငွေများ ပေးအပ်ကာ စိုက်ပျိုးစေခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဒေသတွင်းမှာ စပါးမျိုးနဲ့ပတ်သက်လို့ အခက်အခဲမရှိစေဖို့၊ လာမယ့်စပါးစိုက်ရာသီမှာ စပါးမျိုးစေ့ကို ဈေးကြီးပေးဝယ်ရတာမဟုတ်ဘဲ မိမိဒေသအတွင်း မျိုးအသင့်ရရှိဖို့၊ ဒေသတွင်းရှိ လယ်မဲ့၊ယာမဲ့တွေ လယ်ယာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရန် အလုပ်အကိုင်အခွင့်အလန်းတွေ ဖန်တီးပေးနိုင်ဖို့အတွက်ဒီလုပ်ငန်းတွေကို ဆောင်ရွက်တာဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။

မျိုးစပါးမျိုးစေ့ထုတ်ခြင်းလုပ်ငန်းအတွက် အဓိကစိုက်ပျိုးသည့်စပါးများမှာဧရာမင်းစပါးမျိုး စိုက်ဧက ၄၁၃ ဧက၊မနောသုခစပါးမျိုး စိုက်ဧက ၂ဝ၇ ဧက၊ဆင်းသုခစပါးမျိုး စိုက်ဧက ၇၃ ဧက၊ပခန်းရွှေဝါစပါးမျိုး စိုက်ဧက ၇ ဧက၊စုစုပေါင်း စပါးစိုက်ဧက ၇ဝဝ စိုက်ပျိုးခဲ့ကြောင်း သိရသည်။ အဆိုပါစိုက်ပျိုးဆောင်ရွက်မှုသည် ကိုဗစ်ရောဂါကာလစပါးစိုက်တောင်သူများ နွေစပါး၊ မိုးစပါးစိုက်ကာလများတွင် စပါးမျိုးများကိုဒေသတွင်းအလွယ်တကူရရှိကာ စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။


#စပါး
#မျိုးစေ့
#မိုးစပါး
#စိုက်ပျိုး
#မင်းဘူး

Some text some message..