နေပြည်တော် နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ စပါးစိုက်တောင်သူအများစု အဓိက စိုက်ပျိုးလျက်ရှိသော စပါးမျိုး (၁၁) မျိုးကို စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ မျိုးစေ့ထုတ်ခြံများသို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရသည်။
ယခုနှစ် မိုးရာသီတွင် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ စပါးစိုက်တောင်သူအများစု အဓိက စိုက်ပျိုးလျက်ရှိသော စပါးမျိုး (၁၁) မျိုးဖြစ်သည့် ရွှေသွယ်ရင်၊ ဆင်းဧကရီ-၃၊ ကျော်ဇေယျ၊ ဆင်းသွယ်လတ်၊ ဧရာမင်း၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ရွှေရင်အေး၊ ပေါ်ဆန်းရင် နှင့် ပေါ်ဆန်းဘေးကြား စပါးတို့၏ မိဘစပါးမျိုး (BS) အား စနစ်တကျ သုတေသနပြု စိုက်ပျိုးခဲ့ရာ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း ရိတ်သိမ်းခြွေလှေ့ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ အဆိုပါ ရိတ်သိမ်းရရှိသော စပါးမျိုး (၁၁) မျိုး၏ မိဘစပါးမျိုးစေ့ (BS) များကို စိုက်ပျိုးရေးဦးစီးဌာန၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မျိုးစေ့ထုတ်ခြံများသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနရှိ စိုက်ပျိုးရေးပညာပေး တာဝန်ခံများ၊ မန်နေဂျာများနှင့် ဝန်ထမ်းများက ဆင့်ပွါးမျိုးစေ့ (FS) အဖြစ် စိုက်ပျိုးထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
“၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်မှာမျိုးသန့်မျိုးပွါးမျိုးစေ့ (RS) အဖြစ် ထုတ်လုပ်နိုင်မှာဖြစ်ပြီး၊ စိုက်ဧကပေါင်း (၃) သိန်းကျော် စိုက်ပျိုးနိုင်သည်အထိ မျိုးကောင်း မျိုးသန့် မျိုးစေ့တွေကိုဖြန့်ဝေနိုင်မှာဖြစ်တဲ့အတွက်ကြောင့်စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေအနေနဲ့ ကိုဗစ်- ၁၉ ကာလ အတွင်း ရင်ဆိုင်ကြုံတွေ့ရမဲ့ မျိုးစေ့အခက်အခဲကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်” ဟု စိုက်ပျိုးရေးသုတေသနဦး စီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ပြောသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် သုတေသနများအား သိပ္ပံ နည်းပညာနှင့် ဆန်းသစ်တီထွင် ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ကမ္ဘာအဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် အခက်အခဲကြုံတွေ့နေရချိန်တွင် စိုက်ပျိုးထုတ်လုပ်သူများနှင့် တောင်သူလယ်သမားများ အတွက် စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့် ရရှိမှု အခက်အခဲမှ ကျော်လွှားနိုင်ရေးအတွက် ရည်ရွယ်လျက် စပါးမျိုးကောင်း မျိုးသန့် မိဘစပါးမျိုးများ သုတေသနပြု စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။