အော်ဂဲနစ်သီးနှံပင် ဘာကြောင့်စိုက်ပျိူးသင့်တာလဲ
myanmaplatform.com
|
2018-12-20



မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးကြောင့် ရောဂါတွေအဖြစ်များနေတယ်လို့ သတင်းတွေမှာ မကြာခဏဆိုသလို ဖော်ပြလေ့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ တောင်သူတွေအနေနဲ့ ပိုးသတ်ဆေး သုံးစွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း ကြပ်မတ်မှု နည်းပါးတာကြောင့်အခုလိုဖြစ်နေကြရတာပါ။

မြန်မာနိုင်ငံမှာ ဈေးကွက်ကျယ်ပြန့်လာတာနဲ့အမျှ စိုက်ပျိုးတောင်သူတွေဟာ စိုုက်ပျိုးရေးအရ လိုုအပ်ချက်တွေဖြစ်တဲ့အသီးအထွက်ကောင်းရေး၊ ပိုုးမပါရေး၊ စိုုက်သလောက်အမြတ်ရရေးတို့ကိုအဓိကထား လုပ်ဆောင်လာကြပါတယ်။ ဒါကြောင့် စိုုက်ပျိုးတောင်သူတွေအနေနဲ့ ၎င်းတို့ရဲ့ စိုုက်ပျိုးတဲ့ စိုုက်ကွက်တွေအထွက်တိုုးရေး၊အနာအဆာ ကင်းရေးတွေအတွက် လယ်ယာ စိုုက်ပျိုးရေးသုံုး သွင်းအားစုု တစ်ခုုဖြစ်တဲ့ ပိုုးသတ်ဆေးတွေ ဓါတုဆေးတွေကိုအရင်ကထက်ပိုုပြီးအသုံုးပြုလာကြပါတယ်။

နေရာတိုင်းမှာ ပိုးသတ်ဆေး ဓါတုဆေးအသုံးပြုထားတဲ့အစားအစာတွေဟာ စားသုံးသူတွေအတွက် ရေရှည်မှာ ကျန်းမာရေး ပြဿနာတွေကို ဆိုးရွားစွာ ထိခိုက်လာနိုင်ပါတယ်။ ပိုးသတ်ဆေးအသုံးပြုထားပြီး ဆေးမပြယ်သေးတဲ့အစားအစာတွေဟာ စားသုံးသူအတွက် ရေရှည်မှာ ကင်ဆာအမျိုးမျိုး၊အာရုံကြောဆိုင်ရာ ရောဂါ၊ နှလုံးရောဂါ၊အသည်းရောဂါ၊ ကျောက်ကပ်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားလာနိုင်တယ်လို့ ဆရာဝန်တွေထံက သိရပါတယ်။

အခုနောက်ပိုင်းမှာတော့ ကျန်းမာရေးဆိုးကျိုးတွေ ရှိလာတာကို သတိထားမိလာကြပြီး တစ်ချို့ဟာအော်ဂဲနစ်နည်းပညာနဲ့ စိုက်ပျိုးထားတဲ့အစားအစာတွေကို ပြောင်းလဲစားသုံး လာကြပါတယ်။ လက်ရှိမှာတော့အော်ဂဲနစ်အစားအစာတွေဟာ ဈေးကွက်အတွင်း တွင်ကျယ်မှု နည်းပါးနေပေမယ့်လည်း တဖြည်းဖြည်းနဲ့ ဈေးကွက်ရှိလာပြီ ဖြစ်ပါတယ်။

အော်ဂဲနစ် ဆိုတာကတော့ သဘာဝအလျောက် စိုက်ပျိုးလုပ်ကိုင်တဲ့ လယ်ယာလုပ်ငန်းခွင်က သီးနှံနဲ့မွေးမြူးရေး တိရစ္ဆာန်တွေကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးစတဲ့ ဆေးဝါးတွေ၊ တာရှည်ခံ ပစ္စည်းတွေ၊အရောင်လှစေတဲ့ ပစ္စည်းတွေ၊ ဗီဇပြောင်းလဲထားခြင်းတွေ စတဲ့ ပစ္စည်းတွေကိုအသုံးမပြုဘဲ စိုက်ပျိုးထားတဲ့အသီးအနှံတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ဆိုလိုတာပါ။

မြေဩဇာမှာအတုပြုလုပ်ထားတဲ့ ဓာတုဗေဒ ပစ္စည်းတွေ ပါဝင်မှုမရှိပေ။ သဘာဝအလျောက် စိုက်ပျိုးလုပ်ကိုင်တဲ့ တောင်သူတွေက မြေဆီလွှာအတွက် တိရစ္ဆာန်စွန့်ပစ် ပစ္စည်းတွေကိုအသုံးပြုပြီး သီးနှံအသစ်တွေအတွက်အဟာရဖြစ်စေပါတယ်။နှစ်စဉ်နှစ်တိုင်း သဘာဝအတိုင်း မြေဆီလွှာသုံး စိုက်ပျိုးတဲ့ တောင်သူလယ်သမားတွေဟာ သီးနှံပင်တွေကို စိုက်ကွက်အလိုက်ခွဲပြီး စိုက်ပျိုးကြပါတယ်။

သီးနှံပင်အမျိုးမျိူးအတွက် တိရစ္ဆာန် စွန့်ပစ်ပစ္စည်းတွေက ရတဲ့ မြေဆီလွှာကို ရယူသုံးစွဲကြပါတယ်။အဆိုပါနည်းနဲ့ စိုက်ပျိုးတာကြောင့် သီးနှံဖျက်ပိုးမွှားတွေရဲ့ သက်တမ်းကို လျော့နည်းပျက်တောက်စေပြီး ပိုးမွှားကျရောက်မှုကိုလည်း လျော့နည်းစေပါတယ်။ သဘာဝအတိုင်း စိုက်ပျိုးလုပ်ကိုင်တဲ့ တောင်သူလယ်သမားတွေရဲ့ မွေးမြူထားတဲ့ တိရစ္ဆာန်တွေအတွက်အာဟာရဖြစ်စေတဲ့ ပစ္စည်းတွေကို ပင်လယ်ရေမှော်တွေကနေ ရယူကြပါတယ်။

အခုလို စိုက်ပျိုးထားတဲ့အစားအစာတွေဟာ ဓာတုဗေဒ ဆေးဝါးအမျိုးမျိုးအသုံးပြုပြီး စိုက်ပျိုးထားတဲ့ သီးနှံတွေထက် ကယ်ဆီယမ်ဓာတ်တွေ၊ ပိုတက်ဆီယမ် ဓာတ်တွေနဲ့အခြား ဓာတ်ပစ္စည်းတွေ ပိုမိုများပြားစွာ ပါဝင်နေပါတယ်။

အာ်ဂဲနစ်နည်းနဲ့ စိုက်ပျိုးတဲ့အစားအစာတွေဟာအာဟာရဓာတ် ပိုမိုပါဝင် တဲ့အကြောင်း လေ့လာမှုတွေအရ သိရပါတယ်။ ၂၀၀၇ ခုနစ်က ထုတ်ပြန်ခဲ့တဲ့ EU နိုင်ငံတွေမှာ လေးနှစ်ကြာ သုတေသန ပြုလုပ်ချက်အရအော်ဂဲနစ်အသီးအနှံတွေဟာ သမားရိုးကျသီးနှံတွေထက် Antioxidant ပါဝင်မှု ၄၀ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။

အလားတူပဲ ၂၀၀၈ ခုနစ်တုန်းကလည်းအမေရိကန်နိုင်ငံမှာရှိတဲ့ Organic Centre ရဲ့ လေ့လာချက်အရအော်ဂဲနစ်သီးနှံတွေဟာ သမရိုးကျသီးနှံတွေထက်အာဟာရဓာတ် ၁၁ မျိုး ပါဝင်မှုမှာ ၂၅ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနစ်မှာလည်း European Commission ရဲ့ ၅ နှစ်ကြာ လေ့လာမှု သုတေသနစာတမ်းကို ထုတ်ပြန်ရာမှာလည်း လူတွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေဖြစ်တဲ့ Antioxidant တွေ၊ ဗီတာမင်နဲ့ မပြည့်ဝဆီပါဝင်မှုအော်ဂဲနစ် သီးနှံတွေမှာ ပိုမိုများပြားလာတယ်လို့ ဖော်ပြထားပါတယ်။ ဒါတင်မကဘဲ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတ်ပစ္စည်း ပါဝင်မှုကလည်းအများကြီး လျော့နည်းတယ်လို့ ဆိုပါတယ်။

အော်ဂဲနစ်အစားအစာတွေမှာ ဓာတုပစ္စည်းတွေ မပါရှိတာကြောင့် ဓာတုပစ္စည်းတွေရဲ့ နောက်ဆက်တွဲအန္တရာယ်တွေ ကင်းဝေးစေတဲ့အပြင် ကယ်ဆီယမ်၊ ပိုတက်စီယမ်စတဲ့ ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ ဓာတ်တွေလည်း များပြားစွာ ပါဝင်တဲ့အတွက် လိုအပ်တဲ့ ဓာတ်တွေကို ပြန်လည်ဖြည့်တင်း ပေးနိုင်တဲ့အတွက်အော်ဂဲနစ်အစားအစာတွေကအလွန်ကိုအကျိုးသက်ရောက်မှု များပါတယ်။

အော်ဂဲနစ်အစားအစာပုံစံကို ပြောင်းလဲအသုံးပြုမယ်ဆိုရင် စားသုံးသူတွေသာတင် မကဘဲ တောင်သူလယ်သမားတွေနဲ့ သူ့မိသားစုတစ်ခုလုံးအတွက်ပါအကျိုးရှိပါတယ်။ ဓာတုဗေဒ ပိုးသတ်ဆေးတွေနဲ့ ထိတွေ့မှု မရှိတဲ့အတွက်အဲ့ဒီပိုးသတ်ဆေးတွေရဲ့အန္တရာယ်တွေကနေ ကင်းဝေးစေပါတယ်။

အထူးသဖြင့်အိမ်မှာ ဓာတုပိုးသတ်ဆေးတွေ ထားသိုခဲ့ရင် ကလေးတွေအတွက်အန္တရာယ်အလွန်များပါတယ်။အမှတ်တမဲ့နဲ့ ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲ ဝင်သွားခဲ့ရင် သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။အော်ဂဲနစ် စိုက်ပျိုးမယ်ဆိုရင်အိမ်မှာ ဓာတုပိုးသတ်ဆေးတွေ ဆောင်ထားဖို့ မလိုတော့ပါဘူး။

ကုန်ကျစရိတ်လည်း သက်သာစေပါတယ်။ ဓာတုဗေဒ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေက ဈေးကြီးပါတယ်။ ဒါတွေကို ဝယ်စရာမလိုတော့တဲ့အတွက် ကုန်ကျစရိတ်တွေ လျော့နည်း သွားတာကြောင့် တောင်သူ လယ်သမားတွေအနေနဲ့ ငွေပိုငွေလျှံ ရလာနိုင်ပါတယ်။အော်ဂဲနစ်နဲ့ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေဟာ သဘာဝနည်းနဲ့ စိုက်ပျိုးထုတ်လုပ်တာ ဖြစ်တာကြောင့် သဘာ၀ ဘေးအန္တရာယ်နဲ့ ရာသီဥတုအပြောင်းအလဲဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။

ဒါ့အပြင် သီးနှံထွက်နှုန်းကို ကြည့်မယ်ဆိုရင် ဓာတ်မြေသြဇာ သုံးတာဟာ ရေတိုမှာအထွက်နှုန်း ကောင်းတယ်လို့ ထင်ရပေမယ့် ဓာတ်မြေသြဇာ မရခဲ့လို့ မထည့်ဘဲစိုက်ခဲ့ရင်အထွက်နှုန်းဟာ ဆိုးဆိုးဝါးဝါး ကျဆင်းသွားတတ်ပါတယ်။ ဒါကြောင့် လယ်သမားတွေဟာ ဓာတ်မြေသြဇာကို ထည့်သွင်းပေးနေ ကြရတာပါ။

အော်ဂဲနစ်စိုက်ခင်းမှာတော့ မြေဆီလွှာကို တစ်နှစ်တစ်နှစ် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်တာကြောင့် နှစ်စဉ်အထွက်နှုန်းလည်း တဖြည်းဖြည်း တိုးတက်လာပါတယ်။ ရေရှည်မှာ များစွာအကျိုး ဖြစ်ထွန်းစေပါတယ်။အထူးသဖြင့် ရာသီဥတု ဆိုးဝါးတဲ့နှစ်တွေမှာလည်းအထွက်နှုန်း ကျမသွားအောင် ထိန်းထားနိုင်တယ် စိုက်ပျိုးရေး ပညာရှင်တွေက ဆိုထားပါတယ်။

အော်ဂဲနစ် စိုက်ပျိုးရေးဆိုတာ ဓာတုပစ္စည်းတွေ လုံးဝသုံးစွဲခြင်းမရှိဘဲ စိုက်ပျိုးထုတ်လုပ်တာ ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဆောင်ရွက်နိုင်သလို စားသုံးသူတွေအနေနဲ့လည်း ဓာတုပစ္စည်းတွေရဲ့အကျိုးသက်ရောက် စေနိုင်မှုကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့လည်းအော်ဂဲနစ်စိုက်ပျိုးရေးကိုအားပေးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ခြင်း၊ ရေထုညစ်ညမ်းမှု လျော့ချနိုင်ခြင်း၊ နိုင်ငံခြားကနေ တင်သွင်းနေရတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စတဲ့ သွင်းကုန်အစုတွေအတွက် ငွေကြေးကုန်ကျ စရာမလိုဘဲအဆိုပါငွေကြေးတွေကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပိုမိုသုံးစွဲလာနိုင်မှာပါ။ ဒါ့အပြင် ပိုးသတ်ဆေးတွေကြောင့် ဒုက္ခရောက်ရတဲ့ ကျန်းမာရေးအသုံးစရိတ်တွေကိုပါ လျော့ချနိုင်မှာ ဖြစ်ပါတယ်။

Publish reply

#ပိုးသတ်ဆေး
#စိုက်ပျိုး
#ဓာတ်မြေသြဇာ
#သီးနှံ
#အစားအစာ

Some text some message..