အဓိကထားစိုက်ပျိုးလာ
ဟိုးယခင်က ယာမြေအဖြစ် နှမ်း၊ ပဲအမျိုးမျိုးတို့ကိုအဓိကစိုက်ပျိုးကြပြီး ယခုနောက်ပိုင်းတွင် ရာသီဥတုမမှန်ခြင်းနှင့် စိုက်ပျိုးစရိတ်ကြီးမြင့်လာမှုကြောင့် ယာမြေမှ ဥယျာဉ်ခြံမြေများအဖြစ် ပြောင်းလဲကာ ငှက်ပျော၊ သရက်၊ ပိန္နဲ စသည့်သီးနှံပင်များကိုအဓိကထားစိုက်ပျိုးလာကြသည်။
"ငှက်ပျောစစိုက်စဉ် မြေတစ်ဧကကို ငှက်ပျောပင် ၃၀ဝ လောက် စမ်းစိုက်ခဲ့တယ်။အပင် ဖြစ်ထွန်းအောင် မြေသြဇာကျွေးပြီး တစ်နှစ်သားလောက်ဆိုအသီးသီးကာ ငှက်ပျောခိုင်စခုတ်လို့ ရပြီ။ တချို့အပင်တွေက တစ်နှစ်သားကျော်မှခုတ်လို့ရတယ်။ ရခိုင်နဲ့ဖီးကြမ်းမျိုးတွေပဲအဓိက စိုက်တယ်။ တစ်လကို ငှက်ပျောတစ်ကြိမ်၊ နှစ်ကြိမ်ခုတ်ရတယ်။ ခုတ်လို့ထွက်ရှိတဲ့ငှက်ပျောကို မင်းဘူ၊ မကွေးကဒိုင်တွေကိုပို့ပြီးရောင်းချတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
ဥယျာဉ်ခြံမြေအဖြစ်ပြောင်းလဲ
ရာသီဥတုမမှန်ခြင်း၊ စိုက်ပျိုးစရိတ်မြင့်မားခြင်းနှင့် သီးနှံထွက်ရှိချိန်တွင် သီးနှံဈေးများ ကျဆင်းနေမှုတို့ကြောင့် ပဲ၊ နှမ်း စိုက်ပျိုးသောတောင်သူများမှာ တွက်ခြေမကိုက်ဖြစ်ကာ ဥယျာဉ်ခြံမြေအဖြစ်ပြောင်းလဲပြီး ရာသီပေါ် သီးနှံနှင့်နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးလုပ်ကိုင်လာ ကြောင်း သိရသည်။
"ငှက်ပျောပင်တစ်ပင်သက်တမ်းက သုံးနှစ်လောက်ရှိတယ်။ ယာမြေကနေ ဥယျာဉ်ခြံပြောင်း ခဲ့တာ လစဉ်ဝင်ငွေလည်းရှိတယ်။အလုပ်သမားတွေဆို ငှက်ပျောခုတ်တဲ့ရက်ပဲ ငှားရတယ်။ ငှက်ပျောခုတ်ပြီဆို တစ်လကို ကျပ်သုံးသိန်းလောက်ဝင်တယ်။ ဥယျာဉ်ထဲမှာ သရက်မျိုးကောင်း တွေလည်းအပင် ၂၀ဝ လောက်စိုက်ထားတယ်။ နောက်လေးငါးနှစ်ဆို သရက်ပင်ကလည်း ဝင်ငွေရပြီပေါ့"ဟု ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာနေ ဥယျာဉ်စိုက်တောင်သူ ကိုဖိုးကျော်က ပြောဆိုသည်။