ငမြှောင်တောင်ပိုးကျ၍ နောင်ချိုမြို့နယ်ရှိအစေ့ထုတ်ပြောင်းအထွက်နှုန်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်
thefarmermedia.com
|
2019-07-01


နောင်ချို မြို့နယ်အတွင်း ဖောငမြှောင် တောင်ပိုးမှာ ပြောင်းစိုက်ခင်းများအားလုံးနီးပါးတွင် ကျရောက်ခဲ့ခြင်းကြောင့် ပြောင်းထွက်
နှုန်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်ကြောင်း နောင်ချိုမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က ပြောသည်။ “ငမြှောင်
တောင်က ပြောင်းကို  ကြိုက်တဲ့အတွက် စိုက်ခင်းတွေအားလုံးနီးပါးမှာ ကျရောက်ပါတယ်။ ဒါပေမယ့် ထိန်းသိမ်းမှုတွေကို လုပ်
ဆောင်နိုင်ခဲ့ပါတယ်။ လုံးဝပျက်စီး ဆုံးရှုံးမှု မရှိပေမယ့်  ပိုးကျခဲ့တာကြောင့် ဘယ်လောက်ကျမလဲဆိုတာအတိအကျ မခန့်မှန်းနိုင်
ပေမယ့် ၂၀ ရာခိုင်နှုန်းလောက်တော့ လျော့မယ်လို့ ခန့်မှန်းထားပါတယ်”ဟု ၎င်းကပြောသည်။ ငမြှောင်တောင်ပိုးကျခြင်းကို ဆိုးဆိုး
ရွားရွား မဖြစ်မီ ကြိုတင်သိရှိကာကွယ်လိုက်နိုင်ခြင်း၊ နှိမ်နင်းမှု နည်းစနစ်ပိုင်း ဆိုင်ရာများ ဖြန့်ဝေပေးနိုင်ခြင်း၊ ကျဆင်းလျှင် မည်ကဲ့
သို့ ထိန်းသိမ်းရမည်ကို တောင်သူများ သိရှိနေခြင်းနှင့် စိုက်ပျိုးရေး ဦးစီးဌာန၊ ပြောင်းစိုက် တောင်သူများအသင်းနှင့် စိုက်ပျိုးသူများ
ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ပိုးကျတဲ့အတွက် ထွက်နှုန်းကတော့
သုံးပုံ တစ်ပုံလောက် ကျမယ်လို့ ခန့်မှန်းထားတယ်။အတိအကျတော့ ပြောလို့မရသေးဘူးပေါ့”ဟု နောင်ချို ပြောင်းစိုက်တောင်သူ
များအသင်း  တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နောင်ချိုမြို့နယ်တွင်အုပ်စု ၄၁ စုရှိကာ စိုက်ဧက ငါးသောင်းကျော်ရှိပြီး ပြောင်းကို
အဓိက စိုက်ပျိုးကြကြောင်း သိရသည်။ “ကျွန်မတို့ဌာနအနေနဲ့ ၄၁အုပ်စုမှာ ဒုတိယ ဦးစီးမှူးတစ်ဦးရယ်၊ လက်ထောက် ဦးစီးမှူးနှစ်
ယောက်နဲ့ ကူညီတဲ့သူတွေ ပါဝင်တဲ့အဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်းပြီး လိုက်လံအသိပညာပေးနေတယ်။


သတိပေးကြေညာချက်တွေလည်း ထုတ်ပြန်ပေးတယ်။ ဖြစ်တာနဲ့အကြောင်းကြားနိုင်အောင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို
လည်းအများသိသာတဲ့နေရာမှာ ကပ်ပေးထားပါတယ်” ဟု ဒေါ်ဆွေဆွေက ပြောသည်။ ဖောငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်း
နည်းစနစ်များကိုအသိပညာပေးနေ သကဲ့သို့ ပိုးကျမည်ကိုစိုးရိမ်ကာအစေ့ထုတ် ပြောင်း စိုက်ပျိုးလိုခြင်းမရှိသည့် တောင်သူများအ
တွက်အခြားသော သီးနှံများဖြစ်သည့် ဆန်၊ ပဲပုပ် စသည်တို့ကို ပြောင်းလဲ စိုက်ပျိုးလိုလျှင်  နောင်ချိုမြို့ စိုက်ပျိုးရေး ဦးစီးဌာနက
မျိုးစေ့ ထုတ်လုပ်ခြင်းများကို လုပ်ဆောင်ထားပြီး ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ “အစေ့ထုတ်ပြောင်းကို ငမြှောင် တောင်က
ကြိုက်တဲ့အတွက် ပိုးကကျဖို့များတယ်။ တချို့တောင်သူတွေက ပိုးကျမှာကိုကြောက်တယ်။ တခြား သီးနှံဖြစ်တဲ့ စပါးကိုပြောင်းလဲ
စိုက်ပျိုးချင်ရင် တခြားနယ်က စပါးမျိုးစေ့တွေကို ဝယ်ယူလို့ရအောင် လုပ်ဆောင်ပေးသလို ပဲပုပ်စိုက်ချင်တဲ့သူတွေအတွက်ဆိုရင်
တော့ ပဲပုပ်မျိုးစေ့ထုတ် ခြံလုပ်ထားပြီးအဲဒီကနေ တစ်တင်းပေး၊ တစ်တင်းယူစနစ်နဲ့ ပေးနေပါတယ်”ဟု ၎င်းကပြောသည်။ စပါးမျိုး
ကိုအခြား ဒေသများက မျိုးစေ့စိုက်ပျိုးလိုခြင်းမရှိဘဲ မိမိဒေသ မျိုးရင်းစပါးများကို စိုက်ပျိုးလိုလျှင်လည်း ဌာနအနေဖြင့် ရှာဖွေပေး
လျက်ရှိကြောင်း၊ နောင်ချိုမြို့နယ်တွင် ပဲပုပ် ဈေးကွက်ကောင်းမွန်အောင် လုပ်ဆောင်နေပြီ ဖြစ်သောကြောင့် ပဲပုပ်စိုက်ပျိုးနိုင်ရန်
မျိုးစေ့၊ နည်းပညာ၊ ဈေးကွက်ပိုင်းဆိုင်ရာများကို ချိတ်ဆက် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။


- မျိုးသန့်


မြန်မာတောင်သူကြီးများ ဂျာနယ်


အတွဲ(၂၄)အမှတ်(၃၅၉)၊ ဇူလိုင် ၁ - ၇၊ ၂၀၁၉ ခုနှစ်


#နောင်ချို
#ငမြှောင်တောင်ပိုး
#ပဲပုပ်
#ဒေါ်ဆွေဆွေ
#မျိုးစေ့

Some text some message..