နိုင်ငံတကာ ဖက်ရှင်ပွဲတွေမှာ မြန်မာမှုဖက်ရှင်လက်ရာတွေကို ဖန်တီးပြသသူ ဒီဇိုင်နာ မေမြတ်ဝါဆို
mmtimes.com
|
2020-03-13



ဒီဇိုင်နာ မေမြတ်ဝါဆို

နိုင်ငံတကာ ဖက်ရှင်ပွဲတွေမှာ မြန်မာမှုဖက်ရှင်လက်ရာတွေကို ဖန်တီးပြသသူ ဒီဇိုင်နာ မေမြတ်ဝါဆို

မတ်လ ၅ ရက်က Lotte ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar's Pride Award မှာ Best in Vogue ဆုကို ရရှိခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာ မေမြတ်ဝါဆိုကို ဒီတစ်ပတ် ရွေးချယ်ဖော်ပြထားပါတယ်။ ဖက်ရှင်ဒီဇိုင်နာ မေမြတ်ဝါဆိုဟာ မြန်မာကနုတ်တွေနဲ့ မြန်မာမှုကို အခြေခံဖန်တီးထားတဲ့ ဖက်ရှင်လက်ရာတွေကို နိုင်ငံတကာ Fashion Week တွေမှာ ခမ်းနားလှပစွာ ပြသအောင်မြင်နေတဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်လည်း ဖြစ်ပါတယ်။ Myanmar's Pride Award မှာ ဆန်ခါတင် စာရင်းဝင်တာနှစ်နှစ်ရှိပြီး ပြီးခဲ့တဲ့နှစ်က ဆန်ခါတင်စာရင်းထဲပါပေမဲ့ ဆုမရရှိခဲ့ပါဘူး။ ဒီနှစ်မှာတော့ Myanmar's Pride Award ရဲ့ Best in Vogue ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါပြီ။

''ဒီနှစ် ဆုရသွားတယ်ဆိုတော့ သိပ်ပျော်ပါတယ်။ သူတို့ကလည်း နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့သူတွေကို ပေးတာဖြစ်တယ်။ ကိုယ့်ဒီဇိုင်းတွေကလည်း ရွှေချည်ထိုးတို့ ပန်းချီတို့ပါတဲ့ ဖက်ရှင်ဒီဇိုင်းတွေနိုင်ငံတကာမှာ သွားပြတယ်။ သူတို့ကလည်း ပြန်ပြီးအသိအမှတ်ပြုတဲ့သဘောနဲ့ ဆုချီးမြှင့်တယ်။ ကိုယ့်နိုင်ငံက ပေးတဲ့ဆုကို ရတယ်ဆိုတော့ အလွန်ကျေနပ်ဝမ်းသာရပါတယ်'' လို့ ဒီဇိုင်နာ မေမြတ်ဝါဆိုကဆိုပါတယ်။Hong Kong Fashion Week နဲ့ Indonesia Fashion Week တွေလို နိုင်ငံတကာ ဖက်ရှင်ပွဲတွေမှာ မြန်မာမှုတွေ ရှေးမြန်မာတွေရဲ့ ခမ်းနားထည်ဝါတဲ့ ဝတ်စားဆင်ယင်ဟန်တွေကို သူ့ရဲ့ ကိုယ်ပိုင်ဖက်ရှင်အမြင်တွေနဲ့ ပေါင်းစပ်ကာ မြန်မာဆိုတာကို ကမ္ဘာကသိအောင် တခမ်းတနားပြသဖို့ ကြိုးစားတတ်တဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်လည်း ဖြစ်ပါတယ်။ Indonesia Fashion Week 2017 မှာ ထီးလေးထောင့်တွေမှာ မြန်မာမှုပန်းချီတွေဆွဲပြီးပြသခဲ့သလို သူ့ရဲ့ ထူးခြားပြောင်မြောက်တဲ့ ဖက်ရှင်လက်ရာတွေကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ ဂျကာတာ သတင်းစာမျက်နှာဖုံးမှာနှစ်ရက်ဆက်တိုက် ပါခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။

''ပထမဆုံး Hong Kong Fashion Week မှာ သွားပြတော့ သံအမတ်ကြီး ဦးမင်းလွင်နဲ့ ဇနီး ဒေါ်စပယ်တို့က အင်ဒိုနီးရှားကလည်း သူတို့ကို ဖိတ်ထားတာကြောင့် မြန်မာဒီဇိုင်နာထဲက ပြချင်တယ်ဆိုပြီး ဆက်သွယ်လာတာနဲ့ Indonesia Fashion Week 2017 မှာစ ပြဖြစ်ခဲ့တာပါ။

''နိုင်ငံတကာပွဲတွေ သွားရင်လည်း မြန်မာဝတ်စုံပဲ ပြချင်တယ်။ ကိုယ့်ဝတ်စုံကို နိုင်ငံခြားသားတစ်ယောက်က ဝတ်ထားတာတွေ့ရတဲ့ ခံစားမှုကလည်း သိပ်ကျေနပ်စရာကောင်းပါတယ်။ များသောအားဖြင့် ပြည်တွင်းမှာ ပြရတဲ့ပွဲတွေမှာတော့ ဗမာဝတ်စုံတွေရော၊ ဂါဝန်တွေရော ပြပေမဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြီး နိုင်ငံတကာမှာ သွားပြရရင်တော့ မြန်မာမှုတွေ မြန်မာဝတ်စုံတွေကိုပဲ သွားပြဖြစ်တာများပါတယ်'' လို့ ဒီဇိုင်နာ မေမြတ်ဝါဆိုက ပြောပါတယ်။

Indonesia Fashion Week 2018 မှာတော့အဝတ်စားတွေပေါ်မှာ မြန်မာလူရုပ်တွေ ပန်းချီရေးပြီးပြခဲ့သလို လူစိတ်ဝင်စားမှုများတဲ့ သူ့ရဲ့ကိုယ်ပိုင်ဖန်တီးမှုကြောင့် Indonesia Fashion Week ရဲ့ Opening မှာမြန်မာကို သီးသန့်ပြသခွင့်ပေးခြင်း ခံခဲ့ရပါတယ်။ အခု ပြီးခဲ့တဲ့ ၂ဝ၁၉ ရဲ့Indonesia Fashion Week 2019 မှာတော့ အင်းဝခေတ် ဖက်ရှင်တွေကိုခမ်းနားတဲ့ ဝတ်ရုံတွေနဲ့ ခေတ်မီအောင် ပြန်လည်ဖန်တီးပြီး ပြသခဲ့ပါတယ်။။

''Indonesia Fashion Week 2019 မှာတော့ အင်းဝခေတ်ဆိုပေမဲ့ အင်းဝခေတ်ရဲ့ ဟန်လေးလောက်ပဲ ယူထားပါတယ်။ အင်းဝခေတ်ရဲ့ ဝတ်စားဆင်ယင်ပုံကို နံရံဆေးရေးပန်းချီတွေက လေ့လာတယ်။ အမျိုးသားပြတိုက်မှာ သွားလေ့လာတယ်။ အင်းဝခေတ်ဆို ဝတ်စားဆင်ယင်ပုံမှာ ဝတ်ရုံခြုံထည်လေးတွေ ပါတယ်။ ဒါပေမဲ့ ကိုယ်ပြန်ယူလိုက်တဲ့အချိန်မှာ ဝတ်ရုံခြုံထည်ကို လူတစ်ရပ်ပြန်ဖန်တီးလိုက်တယ်။ အိုးလေးတွေပိုက်ထားတာကို ရွှေအိုးလေးတွေထည့်လိုက်တယ်။ ဖိနပ်ဆိုလည်း ကိုယ်ထည့်ချင်တဲ့ ဖိနပ်အကော့လေးတွေ ထည့်လိုက်တယ်'' ဆိုပြီး နိုင်ငံတကာဖက်ရှင်ပွဲတွေမှာ ပါဝင်ဖြစ်တဲ့အကြောင်းနဲ့ နောက်ဆုံးဖန်တီးထားတဲ့ Indonesia Fashion Week 2019 မှာ ပြသခဲ့တဲ့ အင်းဝခေတ်ကို အခြေခံထားတဲ့ ဖက်ရှင်ဖန်တီးမှုအကြောင်းကို မေမြတ်ဝါဆိုက ပြောပြခဲ့ပါတယ်။

Fashion Week တွေ သွားပြတဲ့အခါ မော်ဒယ်တွေက နိုင်ငံခြားမော်ဒယ်တွေ ဖြစ်နေတဲ့အတွက် ဗမာအဝတ်အစားတွေ၊ ခြေချင်းတွေ၊ ဖိနပ်တွေ၊ ဆံထုံးတွေနဲ့ အဆင်တပြေမဖြစ်ဘူး အချိန်ခဏအတွင်းမှာ ဘယ်လိုဘယ်လို ဝတ်ဆို သင်ပြပြီး ချက်ချင်းဝတ်ဆင်ပြီး ရှိုးလျှောက်ခိုင်းရတာကလည်း နိုင်ငံတကာပွဲတိုင်းမှာ ကြုံရတဲ့ ဒီဇိုင်နာတစ်ယောက်ရဲ့ အခက်အခဲတစ်ခုလို့ ဆိုပါတယ်။ သူဟာ ဖက်ရှင်ပွဲတွေအတွက် နိုင်ငံတကာကို သွားတဲ့အခါ မြန်မာမှုတွေကို ပြသဖို့ ခြေချင်းတွေ အဆင်တန်ဆာတွေကအစ အသေးစိတ် ဖန်တီးပြီး ယူသွားကာ လေဆိပ်မှာ သူမရဲ့ ဖက်ရှင်အဆင်တန်ဆာတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောပြရတဲ့ အခက်အခဲမျိုး ကြုံရတာလည်းအခေါက်ခေါက်အခါခါပဲလို့ ဆိုပါတယ်။

ဘယ်လိုအခက်အခဲတွေပဲရှိရှိ သူချစ်မြတ်နိုးတဲ့ မြန်မာမှုတွေနဲ့ ပေါင်းစပ်ထားတဲ့ သူ့ရဲ့ ကိုယ်ပိုင် ဖန်တီးမှုဖက်ရှင်တွေကို နိုင်ငံတကာမှာထိုးဖောက်ပြသဖို့ ကြိုးစားမြဲပါ။ ဒါ့ပြင် ပြည်တွင်းမှာလည်း နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ ခိုင်သင်းကြည်၊ မိုးယုစံ၊ စိုးပြည့်သဇင်နဲ့ချစ်စနိုးဦးတို့အတွက် ဖက်ရှင်ဒီဇိုင်းတွေကို တောက်လျှောက်ဖန်တီးပေးနေတဲ့ ဒီဇိုင်နာတစ်ယောက်လည်း ဖြစ်ပါတယ်။ ဖက်ရှင်ဒီဇိုင်းသင်တန်းကတော့ ၂ဝ၁ဝ ပြည့်နှစ်ကစလို့ အခု ၂ဝ၂ဝ အထိ တောက်လျှောက် ဖွင့်လာခဲ့ပြီး ဖက်ရှင်အမြင်တွေကို သင်ကြားပေးသလို သူ့လိုပဲ မြန်မာမှုနဲ့ဆက်နွှယ်တဲ့ ဖက်ရှင်တွေဖန်တီးတတ်အောင် မြန်မာမှုတွေကို ချစ်တတ်အောင် ဖြန့်ဝေတတ်တဲ့ ဖက်ရှင်ဒီဇိုင်းပညာ ဖြန့်ဝေသူအလုပ်ကိုလည်း လုပ်သူ ဖြစ်ပါတယ်။

မေမြတ်ဝါဆိုရဲ့ မြန်မာမှုဖက်ရှင်တွေကို ဝတ်ဆင်ချင်တဲ့ မြန်မာဖက်ရှင်ချစ်သူတွေအတွက်လည်း ပိတ်စတွေမှာပန်းချီရေးဆွဲထားတဲ့ ကော်ပိတ်ပါ ကပ်ပြီးသား ဝမ်းဆက်စာ ဝတ်စုံပိတ်စကို အနည်းဆုံး ကျပ် ၃၅,ဝဝဝ ကစပြီး ဈေးနှုန်းအစားစားနဲ့ ဖန်တီးထုတ်လုပ်ပေးနေသလို သူ့ရဲ့ ဆိုင်ဖွင့်ထားရာ အမှတ် ၁၆၆၊ ကျွန်းရွှေမြိုင်လမ်း၊ သုဝဏ္ကမှာ ပိတ်စတွေ ဝယ်ယူလို့ရပါတယ်။ ဒါတွေကတော့ လူတိုင်းအတွက် မတူညီတဲ့ ဖက်ရှင်တွေ အလွယ်တကူ ချုပ်ဝတ်နိုင်အောင် ပိတ်စတွေ ဖန်တီးပေးထားတာဖြစ်ပြီး သူ့ဆီမှာ သီးသန့်အပ်ရင်လည်း ရပါတယ်။

လာမယ့် ဧပြီ ၁ ရက်က ၅ ရက်အထိ အင်ဒိုနီးရှားမှာ ကျင်းပမယ့် Indonesia Fashion Week 2020 မှာလည်း ထပ်မံသွားရောက်ပြသဖို့ အစီအစဉ်ရှိပြီး ဒီနှစ်မှာလည်း အရင်လုပ်နေကျပုံစံနဲ့ ကွဲထွက်မယ့် မြန်မာမှု မြန်မာ့ဟန်ပါတဲ့ ဖက်ရှင်ဖန်တီးမှုအသစ်တွေကို ဖန်တီးတင်ဆက်သွားဦးမယ်လို့ မေမြတ်ဝါဆိုက ပြောပါတယ်။


#ဖက်ရှင်
#မြန်မာမှု
#ဒီဇိုင်နာ
#ဝါဆို
#အင်းဝခေတ်

Some text some message..