နွေဦးနဲ့အတူ စီးမျောလာတဲ့ ဒီဇိုင်နာ ဆန်းဘောက်ရာရဲ့Fashion collection အသစ်
mmtimes.com
|
2020-04-07



ဓာတ်ပုံ ပေးပို့

နွေဦးနဲ့အတူ စီးမျောလာတဲ့ ဒီဇိုင်နာ ဆန်းဘောက်ရာရဲ့Fashion collection အသစ်


ဖက်ရှင်ဒီဇိုင်နာ ဆန်းဘောက်ရာရဲ့ နွေရာသီဖက်ရှင်တွေဟာ နွေရာသီတိုင်း ပျံ့လွင့်လာတတ်တဲ့ နွေဦးရဲ့ ဂီတသံစဉ်တစ်ခုလိုပါပဲ။ နွေရာသီ ရောက်တိုင်းSummer collection တွေ ဖန်တီးပြီး နှစ်စဉ်လိုလို ဖက်ရှင်ရှိုးလုပ်လေ့ရှိတဲ့ ဒီဇိုင်နာဆန်းဘောက်ရာဟာ တကယ်တမ်းတော့ နွေမှ မဟုတ်ဘဲ နှစ်တိုင်းရဲ့ ရာသီတိုင်းမှာ လိုက်ဖက်တဲ့ ဖက်ရှင်ဒီဇိုင်းချည်ထည်တွေကို ဖန်တီးထုတ်လုပ်နေတဲ့ ဒီဇိုင်နာတစ်ယောက်ပါ။

SHAYi ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ချည်ထည်စစ်စစ်တွေကို လူတိုင်းဝတ်ဆင်နိုင်မယ့် အသင့်ချုပ်ပြီး ဖက်ရှင်တွေအဖြစ် ဖန်တီးပေး နေခဲ့တာကြာခဲ့ပါပြီ။ဆန်းဘောက်ရာရဲ့ ရိုးရှင်းတဲ့ဟန်နဲ့ ဆန်းသစ်တဲ့ အဆင်ဒီဇိုင်းတွေကို တွဲဖက်ထားကာ ရိုးရာထည်တွေကို အခြေခံထားပြီး ဖန်တီး ထားတဲ့အတွက် ပြည်တွင်းက ဖက်ရှင်ချစ်သူတွေလည်း အကြိုက်တွေ့သလို နိုင်ငံခြားသားတွေလည်း နှစ်သက်ကြတဲ့ မြန်မာဒီဇိုင်နာကိုယ်တိုင် ထုတ်လုပ်တဲ့ မြန်မာချည်ထည်ဒီဇိုင်းတွေပါ။

၂၀၂၀ ရဲ့ နွေဦးမှာတော့ သူ့ရဲ့ ကိုယ်ပိုင်အဆင်ဒီဇိုင်းအသစ်အဆန်းနဲ့ အဝတ်အထည်တွေကိုSHAYi Summer Collection 2020 အနေနဲ့ နွေဦးဂီတတစ်ခုကို လွှင့်ထုတ်လိုက်သလို ဒီနှစ်အတွက် ဖက်ရှင်အသစ်တွေကို ၂၀၂၀ ဖေဖော်ဝါရီလကုန်ပိုင်းက မိတ်ဆက်ပေးသွား ခဲ့ပါတယ်။

"ဒီဇိုင်းအသစ်တွေကတော့ အမြဲတမ်း ရာသီအလိုက် အသစ်ထုတ်ပါတယ်။collection သစ်ထွက်တာနဲ့SHAYi ရဲ့ ဖေ့ဘုတ်စာမျက်နှာ မှာ အနုပညာရှင်တစ်ယောက်ယောက်နဲ့ ဓါတ်ပုံရိုက်ပြီးတော့လည်း တင်လေ့ရှိပါတယ်။SHAYiရဲ့ ပုံမှန် ဝယ်ယူနေကြ ဖောက်သည်တွေကလည်း ဒီ အချက်ကို သိကြပါတယ်။ဒါပေမဲ့ ပွဲကတော့ နွေရာသီမှာ တစ်နှစ်တစ်ခါလိုမျိုး လုပ်ဖြစ်တဲ့အတွက် နွေရာသီဖက်ရှင်ဆို ပိုသတိထားမိကြတာ မျိုးများ ပါတယ်" ဆိုပြီး ဒီဇိုင်နာ ဆန်းဘောက်ရာက ဆိုပါတယ်။

ဒီနှစ်နွေရာသီအတွက်မိတ်ဆက်တဲ့ ဒီဇိုင်းတွေကAfrican Print ဒီဇိုင်းမျိုးတွေလည်းပါဝင်သလို တိုင်းရင်းသားရိုးရာဆန်ဆန် အဆင် ဒီဇိုင်းအသစ်တွေလည်းပါဝင်ပါတယ်။ အရောင်တွေကတော့ အဖြူနဲ့ အနီ၊ အဖြူနဲ့အနက်၊ အဖြူနဲ့ ခဲရောင်လို အရောင်အတွဲအစပ်တွေလည်းပါသလို တိုင်းရင်းသားအဆင်တွေလို အရောင်စုံ အတွဲအစပ်တွေလည်း ပါဝင်ပါတယ်။ ဘယ်လိုအရောင်အတွဲအစပ်နဲ့ ဘယ်လို အဆင်ဒီဇိုင်းမျိုးတွေပဲထုတ် ထုတ် အကြိုက်မတူနိုင်တဲ့ ဝယ်ယူသူအားလုံးအတွက် ရည်ရွယ်ပြီး စကပ်၊ ဘောင်းဘီ၊ လုံချည်၊ ဂါဝန် စတဲ့items မျိုးစုံကို ဖန်တီးချုပ်လုပ်ရောင်းချ ပေးတာမျိုးပါ။

"အရောင်တွေကတော့ ဒီနှစ်အတွက် အရောင်ရယ်လို့ သီးသန့်ရွေးပြီး ထုတ်ထားတာမျိုးမဟုတ်ပါဘူး။SHAYi ထုတ်နေကျတိုင်းရင်း သား ရိုးရာအဆင်ဒီဇိုင်းတွေကို အခြေခံထားပြီး ပုံမှန်ထုတ်နေကျအရောင်တွေပါပဲ။ အစ်မတို့SHAYi ရဲ့ ပုံမှန်ဝယ်ယူနေကြသူတွေက ရိုးရိုးရှင်းရှင်း ဝတ်တာကြိုက်တဲ့သူတွေရှိတဲ့အတွက်print ဒီဇိုင်းတစ်ခုထုတ်တဲ့အခါ တစ်မျိုးပဲ မဖြစ်ရအောင် စကပ်၊ ဘောင်းဘီ၊ လုံချည်၊ ဂါဝန်items မျိုးစုံ အတွက် ထုတ်ပါတယ်" လို့ ဒီဇိုင်နာ မဆန်းဘောက်ရာက ဆိုပါတယ်။

Summer Collection 2020 ပွဲမှာတော့ ပွဲကိုလာတဲ့ အနုပညာရှင်တွေ ဝတ်လာတဲ့ ဝတ်စုံဒီဇိုင်းတွေအပါအဝင် ဖက်ရှင်ရှိုးမှာ ထုတ်ပြ သွားတဲ့ ဝတ်စုံဒီဇိုင်းတွေရောဆိုရင် စုစုပေါင်း အစုံ ၅၀ ဝန်းကျင်လောက်ကို ဒီနှစ်ရဲ့ နွေရာသီအတွက် မိတ်ဆက်လာခဲ့ပါတယ်။

"Summer Collection 2020 ပွဲမှာတော့African Print ၁၀ စုံ၊ ရိုးရာကို အခြေခံထားတဲ့ ဒီဇိုင်း ၁၀ စုံနဲ့ ပွဲနေ့ကတော့ အစ်မပွဲကို လာမှာသေချာတဲ့ အနုပညာရှင်တွေကိုလည်း ပွဲနေ့လာရင် ဒီဝတ်စုံလေးတွေ ဝတ်လာပေးပါဆိုပြီး ပို့ထားပေးတာတွေနဲ့ဆို စုစုပေါင်း အစုံ ၅၀ လောက်ရှိပါတယ်}} လို့ မဆန်းဘောက်ရာက ပြောပါတယ်။

အားလုံးအတွက်ရည်ရွယ်ပြီးSHAYi ရဲ့ ပုံမှန်ဝယ်ယူနေကြသူတွေအတွက် နွေရာသီနဲ့ လိုက်ဖက်လွန်းအောင် သွက်လက်ပေါ့ပါးပြီး ရိုးရှင်း တဲ့ ဒီဇိုင်းလေးတွေလဲပါသလိုFashion Trend ဘက်ကိုဦးစားပေးထားတဲ့ ဒီဇိုင်းမျိုးတွေလည်း ဒီနှစ်ရဲ့ နွေဦးရာသီမှာ မိတ်ဆက်သွားခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ် ဒီဇိုင်းတွေမှာ ခါတိုင်းထက် ပိုထူးခြားတာကတော့ ခပ်ရှုပ်ရှုပ်အဆင်ဒီဇိုင်းနဲ့ Pattern ခပ်ကြီးကြီးဒီဇိုင်းတွေကို မိတ်ဆက်လာသလို ပုဝါဒီဇိုင်းသစ်တွေပါ မိတ်ဆက်သွားခဲ့တာပါ။

SHAYi မှာသုံးတဲ့ Accrssories တွေအားလုံးက တရုတ်နဲ့ ယိုးဒယားက ပစ္စည်းတွေပဲဖြစ်ပြီး ပိတ်စဒီဇိုင်းတွေကတော့ တချို့ကိုကိုယ်တိုင်ဖန်တီးပြီး တခါတလေ စက်ရုံဘက်ကထုတ်ပြီးသား ပရင့်ဒီဇိုင်းတွေထဲကနေလည်းအစ်မ ကြိုက်တာမျိုးရှိရင် ယူတယ်လို့လည်း ဒီဇိုင်နာ ဆန်းဘောက်ရာက သူဖန်တီးတဲ့ ဒီဇိုင်းတွေ သူအသုံးပြုတဲ့ ကုန်ကြမ်းတွေနဲ့ပတ်သက်လို့ ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့လည်း ကိုက်ညီပြီး အလွယ်တကူ ဝတ်ဆင်လို့ရတဲ့SHAYi ဝတ်စုံတွေဟာ ဒီဇိုင်းသစ်အမျိုးမျိုးနဲ့ ခုချိန်ထိ ဖက်ရှင်ချစ်သူတွေရဲ့ ရင်ကို ထိရောက်စွာဆွဲဆောင်နိုင်နေဆဲဖြစ်ပြီး နောက်အသစ်ထွက်မယ့် ဒီဇိုင်းတွေအတွက်လည်း ကြိုတင်ရင်ခုန်နေကြပါပြီ။


#ဒီဇိုင်း
#ဒီဇိုင်နာ
#ဖက်ရှင်
#အဆင်
#နွေဦး

Some text some message..