အိမ်မှာချည်းပဲနေရတဲ့အချိန်ကျ မျက်နှာကကြည်လင်းရှင်းသန့်နေပြီး အထူးတလည်နေ့ရက်တွေနဲ့ အပြင်ထွက်စရာရှိလာပြီဆိုတဲ့အချိန်ကျ မျက်နှာပေါ်မှာဝက်ခြံတွေထွက်လာတာမျိုးက မိန်းကလေးအားလုံးနီးပါးတင်မက ယောင်္ကျားလေးအချို့ပါ ရင်ဆိုင်နေရတဲ့ပြဿနာပါပဲ။ ဝက်ခြံရှင်းလင်းနေတဲ့မျက်နှာပိုင်ရှင်ကို ကိုယ်ကအမြဲလိုလိုအားကျနေရပြီး ဝက်ခြံကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့နေ့ရက်တွေကို ကျော်လွန်ချင်တယ်ဆိုရင်တော့ အခုပြောပြသွားမယ့်နည်းလမ်းတွေကို ကျင့်သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။
၁။ လေးညှင်းဆီကို အသုံးပြုပါ။
ဝက်ခြံပေါက်စေတဲ့ ဘက်တီးရီးယားပိုးတွေကို ရှင်းလင်းပေးနိုင်တဲ့ လေးညှင်းဆီအပါအဝင်အချို့သော အပင်တွေရဲ့အဆီတွေကလည်း ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ လေ့လာဆန်းစစ်ချက်တွေအရ သစ်ကြပိုး၊ နှင်းဆီ၊ လာဗင်ဒါနဲ့ လေးညှင်းပွင့်တို့က ရရှိတဲ့အဆီတွေဟာ ဝက်ခြံတွေကို ပုံမှန်ထက် (၄) ဆ ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ပျောက်ကင်းစေတယ်လို့ သိရှိရပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုအရ Acetic အက်ဆစ်၊ လိမ္မော်နဲ့ ပင်စိမ်းအဆီတွေကလည်း ဝက်ခြံပျောက်ကင်းနှုန်းကို (၇၅) ရာခိုင်နှုန်းအထိ မြန်ဆန်စေပါတယ်။ ဒါပေမယ့် အချို့သောအဆီတွေက ကိုယ့်ရဲ့ အသားအရည်နဲ့ ဓာတ်မတည့်တာမျိုးတွေ ဖြစ်တတ်တာကြောင့် ပုံမှန်အတိုင်း ရေရှည်သုံးစွဲဖို့သင့်၊ မသင့်ဆိုတာကိုတော့ ဆရာဝန်နဲ့တိုင်ပင်တာမျိုးဖြစ်ဖြစ်၊ ကိုယ်တိုင် (၁) ရက် (၂) ရက်စမ်းသုံးကြည့်တာမျိုးဖြစ်ဖြစ် လုပ်သင့်ပါတယ်။
ဒီအဆီတွေကို အသုံးပြုမယ်ဆိုရင်တော့ ဥပမာလေးညှင်းဆီ (၁၀) စက်စာပမာဏကို ခွက်ထဲထည့်ပြီး လိုအပ်တယ်ဆိုရင် ရေအနည်းငယ်ရောပါ။ ပြီးရင်တော့ အဲ့ဒီအဆီကို ဂွမ်းစလေးနဲ့တို့ပြီး တစ်ရက်ကို (၁) ကြိမ်ကနေ (၂) ကြိမ် လိုအပ်ရင်လိုအပ်သလို ဝက်ခြံပေါ်တိုက်ရိုက်လိမ်းပေးရမှာဖြစ်ပါတယ်။
၂။ Green Tea ကို အသုံးပြုပါ။
Green Tea ကို သောက်သုံးပေးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်သလို လေ့လာတွေ့ရှိချက်တွေအရ ဝက်ခြံပျောက်ဖို့အတွက်လည်း Green Tea က အရေးပါတဲ့နေရာမှာရှိနေတယ်လို့ သိရှိရပါတယ်။ Green Tea မှာပါဝင်တဲ့ Flavonoids နဲ့ Tannins ဓာတ်တွေက ဝက်ခြံပေါက်စေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်ပါတယ်။ ဝက်ခြံပေါက်စေတဲ့ Sebum ဓာတ်ကို Green Tea က လျှော့ချပေးနိုင်ပြီး Green Tea ကို အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ လုပ်ယူလို့ရတာကြောင့် အရမ်းကိုအဆင်ပြေတဲ့နည်းလမ်းတစ်ခုလို့ဆိုရမှာပါ။
Green Tea ကို ဂွမ်းစနဲ့တို့ယူပြီးတော့ဖြစ်ဖြစ်၊ စပရေးဘူးထဲထည့်ပြီးတော့ပဲဖြစ်ဖြစ် ဝက်ခြံပေါ်လိမ်းပေးနိုင်ပြီး လိမ်းပြီး (၁၀) မိနစ်အကြာမှာ မျက်နှာသစ်ပေးရပါမယ်။ လိုအပ်တယ်ဆိုရင်တော့ တစ်ရက်ကို (၁) ကြိမ်ကနေ (၂) ကြိမ်ထိ လိမ်းပေးနိုင်ပါတယ်။
၃။ ရှားစောင်းလက်ပတ်ကို အသုံးပြုပါ။
ကျွန်တော်တို့ ရွှေမြန်မာတွေရဲ့ လက်စွဲတော်ဆေးဖက်ဝင်အပင်ဖြစ်တဲ့ ရှားစောင်းလက်ပတ်က အဖုအထစ်တွေ၊ အကြောပြတ်တာတွေနဲ့ အပူလောင်တာတို့အပြင် ဝက်ခြံတွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လို့ သိရှိရပါတယ်။ ကနဦးမှာ ရှားစောင်းလက်ပတ်က ဝက်ခြံတွေပျောက်ကင်းစေတယ်ဆိုတဲ့ အမြင်အပေါ်အငြင်းပွားမှုတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရှားစောင်းလက်ပတ်က ဝက်ခြံတွေကို ကောင်းကောင်းနှိမ်နင်းပေးနိုင်တယ်ဆိုတဲ့အပေါ် လက်ခံလာရပါတယ်။ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ Lupeol၊ Salicylic အက်ဆစ်၊ `Urea nitrogen၊ Cinnamonic အက်ဆစ်၊ Phenols နဲ့ ဆာလ်ဖာဓာတ်တွေက ဝက်ခြံပေါက်စေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်ပြီး လေ့လာမှုအချို့အရ မျက်နှာလိမ်းခရင်မ်တွေမှာ ရှားစောင်းလက်ပတ်ပါဝင်တယ်ဆိုရင် ဝက်ခြံပျောက်ကင်းနိုင်ချေပိုမိုများပြားတယ်လို့ သိရှိရပါတယ်။
ဝက်ခြံပျောက်ကင်းဖို့ လိမ်းရတဲ့ Tretinoin ခရင်မ်တစ်ခုတည်းထက်စာရင် ရှားစောင်းလက်ပတ် (၅၀) ရာခိုင်နှုန်းပါဝင်တဲ့ Tretinoin ခရင်မ်ကို လိမ်းပေးတာက ပိုမိုထိရောက်မှုရှိတယ်လို့ လေ့လာသူတွေက ဆိုကြပြီး ဝက်ခြံပျောက်ကင်းဖို့အတွက်ဆိုရင် ရှားစောင်းလက်ပတ်က အကောင်းဆုံးလို့တောင်ဆိုနိုင်ပါတယ်။ ရှားစောင်းလက်ပတ်အဆီကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ အသုံးပြုရမှာဖြစ်ပြီး မျက်နှာပေါ် တိုက်ရိုက်လိမ်းတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ်အသုံးပြုနေကျ အခြားခရင်မ်တစ်မျိုးမျိုးကို လိမ်းပြီးမှ အပေါ်ကနေ ရှားစောင်းလက်ပတ်အဆီကို အုပ်လိမ်းပေးတာကလည်း အဆင်ပြေပါတယ်။ ရှားစောင်းလက်ပတ်အဆီကိုလည်း အပေါ်မှာပြောပြခဲ့တဲ့နည်းလမ်းတွေအတိုင်းပဲ လိုအပ်ရင်လိုအပ်သလို တစ်ရက်ကို (၁) ကြိမ်ကနေ (၂) ကြိမ်အထိ ဝက်ခြံပေါ်မှာ လိမ်းပေးနိုင်ပါတယ်။
#HM
#LifestyleMyanmar
Source: healthline
Lifestyle Myanmar မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။