
ကိုယ်ကဘယ်လိုစတိုင်လ်နဲ့လိုက်ဖက်တယ် ၊ အသက်အရွယ်အလိုက် ဘယ်လိုအရာကကိုယ်နဲ့သင့်တော်မယ်ဆိုတာကို သေချာရွေးချယ်ဆုံးဖြတ်တတ်တဲ့ အမျိုးသမီးမျိုးကသာ တကယ်စမတ်ကျတဲ့ အမျိုးသမီးတစ်ဦးလို့ဆိုရမှာပါ။ အမျိုးသမီးတိုင်းကလှချင်ကြတာမှန်ပေမယ့် ဘယ်လိုအရာကကိုယ့်ကိုပိုပြီး လှပပေါ်လွင်အောင်ထိန်းညှိပေးနိုင်မယ်ဆိုတာကိုသိတဲ့သူကတော့ အတော်လေးရှားပါတယ်။ ရှိရင်းစွဲထက်ပိုပြီး လှပနုပျိုအောင် ဈေးကြီးပေး ၊အသားနာခံ ၊အန္တရာယ်ဖြစ်စေမယ့် ဓာတုဆေးဝါးတွေသောက်ပြီး ကြိုးစားကြတာထက်စာရင် ငွေကုန်ကြေးကျမများ အသားနာခံစရာမလိုပဲ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ဆိုရမယ့် ဆံပင်နဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အချက်လေးတွေကိုလိုက်နာရုံနဲ့ ကိုယ့်ကိုအများကြီးပြောင်းလဲနုပျိုသွားစေနိုင်တယ်ဆိုတာ အမျိုးသမီးတိုင်း သိထားဖို့လိုမယ်ထင်ပါတယ်။ ဒါကြောင့်မို့ ဘယ်လိုအချက်လေးတွေကများ ကိုယ့်ကို ရှိရင်းစွဲထက်ပိုနုပျိုစေပြီး ဘယ်အချက်တွေကတော့ ပိုပြီးအိုမင်းစေနိုင်တယ်ဆိုတာကို အောက်ကအချက်လေးတွေမှာ တချက်လေ့လာကြည့်လိုက်ရအောင်နော်။
1. အလယ်ခွဲ ဆံပင်ပုံစံ
ဆံပင်ပါးတဲ့သူတွေနဲ့ အသက်အရွယ်ရလာတဲ့သူတွေအနေနဲ့ အလယ်ခွဲဆံပင်ပုံစံဟာ တော်တန်ရုံရှောင်ရှားသင့်တဲ့ ဆံပင်စတိုင်လ်ထဲမှာပါဝင်ပါတယ်။ အလယ်ခွဲဆံပင်ပုံစံက လိုက်တဲ့သူနဲ့ဆိုရင်အရမ်းလိုက်တယ်ဆိုပေမယ့် ဆံပင်အရမ်းပါးရင်တော့လုံးဝမရွေးချယ်သင့်ပါဘူး။ အကြောင်းကတော့ ခွဲကြောင်းကအလယ်မှာဖြစ်တဲ့အတွက် အလယ်ကဆံပင်ကိုအုံထူအောင် ဖောင်ဖောင်းလေးလုပ်ထားတာမျိုး ၊ ခပ်ဖွဖွလေးဖြီးတာတာမျိုးလုပ်လို့မရပဲ ပြားကပ်နေတဲ့အသွင်မျိုးကိုပဲဆောင်စေနိုင်တာကြောင့်ပါ။ ဆံပင်ပြားကပ်ကပ်ဖြစ်နေတာမျိုးက လူကိုပိုပြီးအသက်ရတဲ့ပုံမျိုးဖြစ်စေနိုင်တာကြောင့် လူငယ်လည်းဆန်ချင်တယ် ၊ဆံပင်ကလည်းပါးသေးတယ်ဆိုရင်တော့အလယ်ခွဲဆံပင်ပုံစံကို တခါတရံမှသာရွေးချယ်ဖို့အကြံပေးပါရစေ။
2. ခပ်ရိုးရိုး ဆံပင်အရှည်
ဆံပင်အရှည်ပုံစံက လူကိုအိုစေတာမျိုးမဟုတ်ပေမဲ့ ဆံပင်အရှည်ကိုမှ အလွှာတွေ ၊ အကောက်တွေ ၊ သေချာပုံသွင်းထားတာမျိုးတွေမပါပဲ ခပ်ရိုးရိုးတဖြောင့်တည်းကြီးဆိုရင်တော့ ရှိရင်းစွဲအသက်ထက်ပိုကြီးတဲ့ပုံကိုပေါက်စေပါတယ်။နိုင်ငံခြားမင်းသမီးတချို့ ဆံပင်အရှည်အလယ်ခွဲနဲ့အရမ်းကိုကျက်သရေရှိပြီးလှနေတယ်ဆိုတာမှန်ပေမဲ့ သူတို့က မိတ်ကပ်တွေနဲ့ မီးရောင်တွေအောက်မှာနေတဲ့သူတွေမို့ ပိုလှနေတာဖြစ်နိုင်သလို သဘာဝအလင်းရောင်အောက်မှာ အပြင်သွားရမယ့် ကိုယ်နဲ့လိုက်ဖက်မလိုက်ဖက်ဆိုတာကိုတော့ အရင်ဆုံး တချက်ကြည့်ဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုရင် ဆံပင်အရှည် အလယ်ခွဲပုံစံက ကျော့ရှင်းလွန်းပြီး မျက်နှာကို ပေါ်လွင်စေတာကြောင့် ကိုယ့်မျက်နှာမှာ အရေးအကြောင်းတချို့များရှိနေခဲ့ရင် အဲဒီနေရာတွေကိုပိုပြီး အာရုံစိုက်မိစေနိုင်တာကြောင့် ဖြစ်ပါတယ်။
3. ဆိုးဆေး အရောင်ရဲ့လှည့်ကွက်
အသက်အရွယ်ရလာတဲ့အခါ ဆံပင်ဖြူတွေထွက်လာတတ်တာကြောင့် ဆံပင်ဆေးဆိုးဖို့ကလည်း စဉ်းစားရမယ့်ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီလိုဆံပင်ဆေးဆိုးတဲ့အခါ ပိုပြီးနုတဲ့ပုံပေါက်အောင်ဆိုပြီး ဆံပင်အရောင်ရင့်ရင့် အထူးသဖြင့် အနက်ရောင်ဆိုးဆေးတွေကို ဆိုးတတ်ကြပါတယ်။ဒါပေမဲ့ ဆံပင်ပညာရှင်တွေရှာဖွေတွေ့ရှိထားတဲ့ အချက်တချက်ကတော့ ဆိုးဆေး အနက်ရောင်တစ်ခေါင်းလုံးဆိုးထားခြင်းက မျက်နှာပေါ်မှာရှိတဲ့ အရေးအကြောင်းတွေကိုပိုပြီးပေါ်လွင်စေတဲ့အပြင် ပိုပြီးလည်းအာရုံစိုက်မိစေပါတယ်တဲ့။ ဆံပင်အရောင်ဖျော့ဖျော့တွေဆိုးမှသာ ကိုယ့်မျက်နှာပေါ်က အိုမင်းစေတဲ့အရာတွေကို မှေးမှိန်သယောင်ဖြစ်သွားစေပြီး ပိုနုနယ်တဲ့ပုံကိုပေါက်စေပါတယ်။
4. အရောင်ဖျော့ဖျော့ရဲ့အားနည်းချက်
ဆိုးဆေးအရောင်ဖျော့ဖျော့က လူကိုပိုပြီးနုနယ်စေတယ်ဆိုပေမယ့် အရမ်းဖျော့လွန်းတဲ့အရောင်တွေ ရွေးချယ်မိမယ်ဆိုရင်တော့ အမှားကြီးမှားနိုင်ပါတယ်။ ဆံပင်အရောင်ဖျော့ဖျော့ကိုရွေးချယ်တဲ့အခါ ကိုယ့်အသားအရောင် Tone color နဲ့အရမ်းမကွဲပြားတဲ့ အရောင်မျိုးကိုရွေးချယ်ဖို့လိုပါတယ်။ အထူးသဖြင့် ကိုယ့်မျက်နှာကို ပိုပြီးလင်းသွားစေမယ့် ဆံပင်အရောင်ကို သေချာလေးရွေးချယ်တတ်မှသာ ရှိရင်းစွဲထက် အသက်ပိုကြီးတဲ့ ပုံမျိုးမပေါက်စေမှာအမှန်ပါပဲ။
5. ပုံစံပြောင်းဖို့
လူတစ်ယောက်က နေ့တိုင်း အစားအသောက်တစ်မျိုးတည်းစားဖို့ ၊ ဇာတ်ကားတစ်ကားတည်းကိုပဲ အမြဲ ကြည့်နိုင်ဖို့မလွယ်သလို ဆံပင်ပုံစံတစ်မျိုးတည်းပဲ အမြဲတမ်းထားမယ်ဆိုတာကလည်း အရမ်းကို ပျင်းဖို့ကောင်းတဲ့ အတွေးအခေါ်တစ်ခုပါပဲ။ ပြောင်းလဲသင့်တဲ့အချိန်မှာပြောင်းလဲလိုက်တာက စိတ်ရောလူရောအသစ်ဖြစ်စေသလို ကိုယ့်ကို မြင်ရတာလည်း မတူတဲ့စတိုင်အသစ်ကိုခံစားရစေတာကြောင့် ပိုပြီးငယ်ရွယ် နုပျိုသွားသယောင်အထင်ရောက်စေပါတယ်။ ဒါကြောင့်မို့လို့ ဆံပင်ပုံပြောင်းဖို့ကို တင်းခံမနေပဲ Hair Stylist ကောင်းကောင်းတစ်ယောက်ဆီမှာသွားပြီး အရင်နဲ့မတူတဲ့ ခပ်လန်းလန်းစတိုင်တစ်ခုကို ပြောင်းလဲလိုက်ပါ။ ကိုယ်နဲ့ဘယ်လိုပုံစံကလိုက်ဖက်မယ် ဘယ်လိုပုံစံကပိုပြီးနုပျိုသွားစေနိုင်မယ်ဆိုတာကိုတော့ ကျွမ်းကျင်တဲ့ Hair Stylist ကောင်းကောင်းတစ်ယောက်က သူ့ပညာနဲ့ပုံဖော်ပေးသွားပါလိမ့်မယ်။
Photo Credit To The Rightful Owners