အမေ့လျော့ခံ နံ့သာများ
mmtimes.com
|
2020-09-04



သနပ်ခါးလိမ်းခြယ်နေသည့် အမျိုးသမီးငယ်နှစ်ဦးကို ပုဂံတွင်တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်/မြန်မာတိုင်းမ်

အမေ့လျော့ခံ နံ့သာများ

၁၉၈ဝ ပြည့်နှစ်ဝန်းကျင်မှာမွေးဖွားတဲ့သူတွေဟာ သူတို့ရဲ့ငယ်စဉ်က တွေ့မြင်ခဲ့ဖူးတဲ့ သူတို့ မိခင်တွေရဲ့ သနပ်ခါးခြင်းတောင်းထဲမှာ အမျိုးစုံတဲ့ နံ့သာတုံးတွေကို မြင်ကောင်းမြင်ဖူးကြမှာပါ။ယခင်က သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း အမျိုးသမီးတွေရဲ့ သနပ်ခါးခြင်းတောင်းထဲမှာ တောင်တန်ကြီး၊ ကရမက်နဲ့ နံ့သာဖြူ၊ နံ့သာနီတုံးတွေရှိနေတတ်ကြပါတယ်။ အကြောင်းအရာနဲ့ အခြေအနေအမျိုးမျိုးပေါ် မူတည်ပြီး ကျောက်ပျဉ်ပေါ်မှာသွေးကာသနပ်ခါးနဲ့ရောစပ်ပြီး လိမ်းကြတာရှိသလို သီးသန့်သွေးပြီးလိမ်းကြတာလည်းရှိပါတယ်။

''ကျွန်မငယ်ငယ်က အမေ့သနပ်ခါးခြင်းထဲ မှာ တောင်နံကြီး၊ ကရက်မက်နဲ့ နံ့သာဖြူ၊ နံ့သာနီတုံးတွေအပြင် ဝက်ခြံနဲ့ တင်းတိပ်ပျောက်တယ်ဆိုတဲ့ လက်တစ်ဆစ်အရွယ် သစ်ခေါက်၊ သစ်စေ့မျိုးစုံမြင်ရတယ်။ အရင်ငယ်ငယ်ကတော့ ကရမက်နဲ့ နံ့သာဖြူအနံ့ဆိုရင် အဘွားကြီးနံ့လို့တောင် တွေးခဲ့မိပါတယ်''လို့ အသက်လတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ မဝတ်ရည်က ပြောပါတယ်။

ဒါပေမဲ့ အခုကာလ လူငယ်အများစုကတော့ အဲဒီတောင်တန်ကြီး၊ ကရမက်နဲ့ နံ့သာဖြူ၊ နံ့သာနီတုံးတွေကို တွေ့မြင်သိရှိမှုနည်းသွားပါပြီ။အသက် (၂၉) နှစ်ရှိပြီဖြစ်တဲ့ မဝတ်ရည်မှာတော့ သနပ်ခါးတုံးနဲ့ ကျောက်ပျဉ်သာရှိပြီးသနပ် ခါးလည်း ပုံမှန် မလိမ်းဖြစ်ဘူးလို့ဆိုပါတယ်။နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်နဲ့ တောင်တန် ကြီးတို့ကို ရှေးလူကြီးတွေက နေ့စဉ် အလျဉ်းသင့်သလို လိမ်းခြယ်ကြတဲ့အပြင် အပူငြိမ်းခြင်း၊ စိတ်ရွှင်လန်းခြင်း၊ ကိုယ်ပူဖျားနာသက်သာခြင်းနဲ့ အရေပြားရောဂါတွေအတွက်လည်း အသုံးပြု ကြပါတယ်။

''ရာသီဥတုပူရင် နံ့သာဖြူကို သွေးပြီးလိမ်း တယ်။ မိတ်တွေထွက်ရင် ဆားနည်းနည်းနဲ့ ကရမက်ကို သွေးလိမ်းတယ်။ ညောင်းညာကိုက်ခဲနေရင်တော့ တောင်တန်ကြီးကိုသွေးလိမ်း တယ်''လို့ အသက် (၆ဝ) အရွယ် ဒေါ်သန်းဌေးက ပြောပါတယ်။

အရှင်နာဂသိန် အခြေပြုဆေးအဘိဓာန်မှာ နံ့သာဖြူကို အသားနှစ်သည် ကြေလွယ်၏၊ နှစ်သက်စေ၏၊ နှလုံးကို အကျိုးပြု၏၊ အရောင် အဆင်းကောင်းစေ၏ ၊ သလိပ်သည်းခြေကိုနိုင်၏၊ ၎င်းပြင် အဆိပ်၊ ရေငတ်၊ သွေးအန်- သွေးကျ၊ အပူရောဂါတို့ကို ပျောက်ကင်းစေ၏လို့ ဖော်ပြ ထားပါတယ်။

တောင်တန်ကြီးကတော့ ဆီးမှ သွေးပါခြင်း၊ အဆုတ်ရောင်၊ အစာမကြေ၊ ဗလ၊ မြင်းသရိုက်၊ အဖျားရောဂါတို့ကို ပျောက်ကင်းစေတယ်လို့ တိုင်းရင်းဆေးဆရာမတစ်ဦးကဆိုသည်။ရှုတော်မှု ဆေးအဘိဓာန်မှာတော့ နံ့သာနီကို သလိပ်၊ သည်းခြေ၊ သွေးလေနာနဲ့ အပူတို့ကို ငြိမ်းစေတတ်၏။ ထို့ကြောင့် သွေးပျက်သွေး တက်သော အနာတို့ကိုလည်းကောင်း၊ နံ့သာနီ ရည်နှင့် ဆေးကို စပ်တိုက်အပ်၏ဟု ဖော်ပြထား ပါတယ်။တစ်ချိန်က သနပ်ခါးအဖွေးသားနဲ့ လှပ တင့်တယ်ခဲ့ကြပေမယ့် အခုအခါမှာတော့ မြန်မာ အမျိုးသမီးအများစုက ခေတ်ပေါ်အလှ ကုန်တွေနဲ့ ခြယ်သလှပနေကြပါပြီ။အိမ်ရှင်မတစ်ဦးဖြစ်တဲ့ မမဉ္ဇူဝင်းက သူငယ်ငယ်က နံ့သာနီ၊ နံ့သာဖြူ စတဲ့ အမွှေးနံသာတွေနဲ့ရင်းနှီးခဲ့ပေမယ့် အခု သူ့ကလေးတွေ ကတော့ မရင်းနှီးပါဘူးလို့ ဆိုပါတယ်။

''သနပ်ခါးတော့ လိမ်းပေးဖြစ်တယ်။ကျိုက်ထီးရိုးဘုရားသွားတုန်းကတော့ တစ်ခါ အတုံးသေးသေးလေးတွေ ဝယ်ဖူးတယ်။ဒါပေမဲ့အတုဖြစ်နေလို့ လွှင့်ပစ်လိုက်တယ်။ တကူး တက ဝယ်ဖို့လည်း စိတ်မကူးမိဘူး။ အစစ်၊ အတုလည်း မခွဲတတ်ဘူး။ ဘုရားဆောင်းတန်းတွေမှာတော့ ဝယ်လို့ရနိုင်မယ်ထင်တယ်'' လို့သူက ဆိုပါတယ်။

နံ့သာတွေကိုဝယ်မယ်ဆိုရင် အတုအစစ်ကို သေချာခွဲနိုင်မှသာဝယ်ယူတာ ပိုကောင်းတယ်လို့လည်း မမဥ္ဇူဝင်းက အကြံပြုပါတယ်။အခုနောက်ပိုင်းအသင့်လိမ်းသနပ်ခါး၊ ပရုတ်ဆီနဲ့ ဆပ်ပြာတွေမှာ နံ့သာဖြူထည့်သွင်းပြုလုပ်လာကြတာရှိပေမယ့်လည်း ဟိုတစ်ချိန် ကလို အတုံးကိုသွေးကာလိမ်းခြယ်သူက ရှားပါးလာနေပါပြီ။

''အရင်ကဆို အဘွားက နံ့သာဖြူကို လိမ်းဖို့အပြင် ဘုရားစင်မှာဖျန်းဖို့ အတုံး သပ်သပ်ထားတယ်။ အခုနောက်ပိုင်းတော့ အဲဒီအတုံးတွေ ဘယ်ရောက်ကုန်လည်း မသိဘူး။ နံ့သာဖြူအနံ့ပါတဲ့ စပရေးအရည် ဘူးတွေပဲ သုံးကြတာ များလာတယ်''လို့ ကိုတိုး ကပြောပါတယ်။မဝတ်ရည်ကတော့ သနပ်ခါးတောင် ပုံမှန်မလိမ်းဖြစ်ပေမယ့် နံ့သာဖြူ၊ နံ့သာနီနဲ့ ကရမက်ကို အိမ်မှာ ဆောင်ထားဖို့ အစစ် ဝယ်ယူရရှိနိုင်မယ့် နေရာကိုစုံစမ်းနေပြီလို့ ပြောပါတယ်။


#ကရမက်
#သနပ်ခါး
#တောင်တန်ကြီး
#အတုံး
#ဝတ်ရည်

Some text some message..