ပြီးပြည့်စုံတဲ့ မိတ်ကပ်လိမ်းပုံအဆင့်ဆင့်
mystylemyanmar.com
|
2020-09-21

မင်္ဂလာပါ ပျိုမေတို့ရေ။ ဒီတခါမှာတော့ မိတ်ကပ်ကိုစိတ်ဝင်စားတဲ့သူတွေအတွက် ပြီးပြည့်စုံတဲ့ မိတ်ကပ်တစ်ခုကို ဘယ်လိုလိမ်းချယ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။


မိတ်ကပ်မလိမ်းခင်


အဆင့် ၁ – မျက်နှာသစ်မယ်




အရင်ဆုံး မျက်နှာသစ်လိုက်ပါ။ မျက်နှာက သန့်နေဖို့လိုပါတယ်နော်။ အရင်ဆုံး မျက်နှာကို သေချာလေး သစ်ပေးလိုက်ပါ။


အဆင့် ၂ – တိုနာသုံးမယ်




မျက်နှာသစ်ပြီးရင် မျက်နှာကို တိုနာလေးနဲ့ လိမ်းပေးလိုက်ပါ။ အဆီပြန်တဲ့အသားအရေ (သို့) ဝက်ခြံရှိတဲ့အသားအရေအတွက် လိုအပ်ပါတယ်။


အဆင့် ၃- Moisturizer သုံးမယ်




မိတ်ကပ်လိမ်းမယ့်သူတိုင် ဒီအဆင့်ကို မကျော်သင့်ပါဘူး။ သင်အမြဲသုံးနေကျ Moisturizer ကို မိတ်ကပ်မလိမ်းခင် မိနစ် အနည်းငယ်အလိုမှာ လိမ်းထားပေးလိုက်ပါ။ အသားအရေကို ချောမွေ့စေပြီး စိုပြေစေမှာပါ။


အဆင့် ၄- Sunscreen လိမ်းမယ်




သင့်အသားအရေကို အမြဲတမ်း နုပျိုစေချင်ရင် ဒီအဆင့်ကိုလည်း မမေ့သင့်ပါဘူး။ Sunscreen က အသားအရေ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်သလို UV ကြောင့် အသားအရေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် Moisturizer မှာ UV ပါပြီးသားဆို မသုံးလည်းရပါတယ်။


မိတ်ကပ်စလိမ်းမယ်


အဆင့် ၁ – Primer လိမ်းပါ




မိတ်ကပ်ပစ္စည်းရောင်းတဲ့ဆိုင်မှာ Primer လို့မေးလိုက်ရင်သိပါတယ်နော်။ အဓိကအားဖြင့်တော့ အသားအရေ အဆီပြန်တဲ့သူတွေ သုံးကြပါတယ်။ မိတ်ကပ်ကို တာရှည်ခံဖို့နဲ့ မိတ်ကပ်သားတက်ဖို့ လိမ်းကြပါတယ်။


အဆင့် ၂ – ဖောင်ဒေးရှင်းလိမ်းမယ်




သင့်အသားအရေနဲ့ သင့်တော်တဲ့ ဖောင်ဒေးရှင်းကို Brush (သို့) ဖော့နဲ့သုံးပြီးလိမ်းနိုင်ပါတယ်။ လက်နဲ့ ပွတ်မလိမ်းပါနဲ့။ သင့်ရဲ့မေးရိုး၊ ပါး၊ လည်ပင်းကိုလည်း သေချာလေး Blend လုပ်ပြီးလိမ်းပေးပါ။


အဆင့် ၃ – Concealer သုံးမယ်




မျက်ကွင်းညိုသူတွေ၊ မျက်နှာမှာ အမာရွတ်နည်းနည်းရှိသူတွေ၊ ဝက်ခြံမည်းနေသူတွေ ဒါမှမဟုတ် မိမိမျက်နှာက အပြစ်အနာဆာတစ်ခုခုကို ဖုံးချင်တဲ့သူတွေ သုံးကြပါတယ်။ ကိုယ်က မျက်ကွင်းမညိုဘူး ဘာမှမဖြစ်ဘူးဆိုရင် မသုံးလည်းရပါတယ်နော်။ မျက်ကွင်းအောက်၊ ဝက်ခြံပေါ်မှာ လိမ်းပေးပြီး သေချာ Blend လုပ်ပေးလိုက်ပါ။


အဆင့် ၄ – Contour သုံးမယ်




ပါးရိုးချတယ်လို့ အများအားဖြင့်ခေါ်လေ့ရှိပါတယ်။ ဒီအဆင့်မှာတော့ Contour Gel (သို့) အခဲသုံးပေးပါ။ နှုတ်ခမ်းနှစ်ဖက်ကိုစုလိုက်ပြီး ချိုင့်သွားနဲ့နေရာတလျှောက်နဲ့ ပါးအောက်နားကို လိမ်းပေးပါ။ ပြီးရင် Blend လုပ်လိုက်ပါ။


အဆင့် ၅ -ပေါင်ဒါလိမ်းမယ်




ပေါင်ဒါမှုန့်သုံးပါ။ 2 ways မသုံးစေချင်ပါဘူး။ ပေါင်ဒါမှုန့်က အသားကိုလည်း သိပ်သိပ်လေးဖြစ်စေပြီး ပိုပြီးလှစေပါတယ်။


အဆင့် ၆ – မျက်လုံး ချယ်မယ်




အချိန်မရှိတဲ့သူကတော့ ဒီအဆင့်ကို ကျော်နိုင်ပါတယ်။ မျက်လုံးကို Eyeshadow ချယ်ပြီး လိုင်နာဆိုးပေးရမှာပါ။ မျက်တောင်အတုလည်းတပ်နိုင်ပါတယ်။ ဒါပေမယ့် ထသွားထလာဆိုရင်တော့ မတပ်ပါနဲ့။


အဆင့် ၇ – မျက်ခုံးမွှေးဆွဲမယ်




မျက်ခုံးမွှေးကတော့ အားလုံးဆိုးသင့်ပါတယ်။ မျက်ခုံးဆွဲတံကို ချွန်ချွန်လေးထားထားပါ။


အဆင့် ၈ – ပါးနီလိမ်းမယ်




ပါးနီကြိုက်သူတွေကတော့ ပါးနီပါးပါးလေးထည့်မယ်။ ပါးရိုးထပ်ချချင်သူတွေ ၊ မျက်နှာပြောင်ပြောင်လေးကြိုက်တဲ့သူတွေလည်း Highlighter နဲ့ Contour ကို ခပ်ပါးပါးလေး လိမ်းပေးနိုင်ပါတယ်။


အဆင့် ၉- နှုတ်ခမ်းနီဆိုးမယ်




အားလုံးပြီးပြီဆိုတော့ နှုတ်ခမ်းနီလေးဆိုးလိုက်မယ်နော်။ မိမိကြိုက်နှစ်သက်တဲ့ နှုတ်ခမ်းနီကို ဆိုးပေးနိုင်ပါတယ်။



The post

ပြီးပြည့်စုံတဲ့ မိတ်ကပ်လိမ်းပုံအဆင့်ဆင့် appeared first on

MyStyle Myanmar .


#မိတ်ကပ်
#အဆင့်
#နှုတ်ခမ်း
#မျက်နှာသစ်
#ပါးရိုး

Some text some message..