သံလွင်ဆီ (Olive Oil)ဆိုတာက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေ အများအပြား ပေးစွမ်းနိုင်တဲ့ အရာပါ။ အကျိုးကျေးဇူးဖြစ်ထွန်းစေဖို့ဆိုတဲ့အရာတွေကို ကြည့်လိုက်တိုင်း သံလွင်ဆီက နေရာတစ်နေရာကို အခိုင်အမာရယူထားတာကြောင့် ဒီနေ့မှာ မျက်နှာအသားအရေနဲ့ပတ်သက်လို့ သံလွင်ဆီရဲ့ အကျိုးပြုပုံပြုနည်းတွေကို တင်ဆက်ပေးချင်ပါတယ်။
၁။ Antioxidant ပါဝင်မှု
သံလွင်ဆီမှာ Antioxidant ကြွယ်ဝစွာပါဝင်ပြီး မျက်နှာပေါ်ကဆဲလ်တွေကို ပျက်စီးစေနိုင်တဲ့၊ အရေပြားကင်ဆာဖြစ်ပွားစေနိုင်တဲ့ ဓာတုဓာတ်ပေါင်းတွေကို ပယ်ဖျက်ပေးနိုင်ပါတယ်။ သံလွင်ဆီ ဒါမှမဟုတ် သံလွင်ဆီပါဝင်တဲ့ခရင်မ်တို့ကို ပုံမှန်လိမ်းပေးခြင်းအားဖြင့် အိုမင်းရင့်ရော်မှုကို အကာအကွယ်ပေးနိုင်ပြီး နေရောင်ခြည်ဒဏ်ကြောင့် မျက်နှာအရေပြားပျက်စီးတာတွေကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ သံလွင်ဆီပုံမှန်လိမ်းနေကျ မျက်နှာက သံလွင်ဆီကို ပုံမှန်လိမ်းနေကျမဟုတ်တဲ့ မျက်နှာနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အဖုအထစ် ဖြစ်ပွားနိုင်ခြေ အများကြီး လျော့နည်းနေပါတယ်။
၂။ ဗီတာမင်ဓာတ်ပါဝင်မှု
သံလွင်ဆီမှာ ဗီတာမင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး အထူးသဖြင့် အဆီတွေကို ပျော်ဝင်စေတဲ့ ဗီတာမင် အေ၊ ဒီ၊ အီးနဲ့ ကေတို့ အဓိကပါဝင်ပါတယ်။ ဒီဗီတာမင်တွေကလည်း အသားအရေအတွက် အင်မတန်မှ အထောက်အကူဖြစ်စေတဲ့ ဗီတာမင်ဓာတ်တွေပါ။ ဥပမာတစ်ခုပြရရင် ခေတ်အဆက်ဆက်မှာ လူတွေက psoriasis နဲ့ eczema တို့ပါဝင်တဲ့ ဗီတာမင်အီးကို အသားအရေထိန်းသိမ်းဖို့အတွက် အစဉ်အဆက် အသုံးပြုခဲ့ကြပါတယ်။
၃။ ပဋီဇီဝ အကျိုးသက်ရောက်မှု
သံလွင်ဆီက ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိတွေရှိပေမယ့် ဒီအချက်ကို အနည်းငယ်မျှသော လေ့လာဆန်းစစ်မှုတွေကပဲ သက်သေပြထားနိုင်ပါတယ်။ အုန်းဆီနဲ့ ယှဉ်လိုက်ရင် အုန်းဆီဟာ အသားအရေပေါ်က ဘက်တီးရီးယားပိုးမွှားတွေကို သံလွင်ဆီထက် ပိုပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သံလွင်ဆီကို အသားအရေပေါ်က ဘက်တီးရီးယားတွေကို နှိမ်နင်းနိုင်ဖို့အတွက် အသုံးချနေဆဲဖြစ်ပြီး ဆီးချိုရောဂါကြောင့်ဖြစ်ပွားလေ့ရှိတဲ့ ခြေထောက်ကအနာတွေကိုလည်း သံလွင်ဆီနဲ့ ကုသနိုင်တယ်လို့ ဆိုကြပါတယ်။
၄။ အစိုဓာတ်ပေးစွမ်းနိုင်မှု
အစိုဓာတ်ပေးစွမ်းနိုင်တဲ့နေရာမှာ သံလွင်ဆီက အင်မတန်မှ နာမည်ကြီးပြီး အသားအရေအပြင် ဆံသားတွေ နူးညံ့ပျော့ပျောင်းဖို့၊ လိုအပ်တဲ့ အစိုဓာတ်ရရှိဖို့အတွက်ပါ အသုံးပြုလေ့ရှိပါတယ်။
သံလွင်ဆီကို မျက်နှာသစ်ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာနဲ့ လိုးရှင်းတွေမှာ ထည့်သွင်းပြုလုပ်လေ့ရှိပြီး အသားအရေမွဲခြောက်ကြမ်းတမ်းတဲ့နေရာကို သံလွင်ဆီနဲ့ ဆားအနည်းငယ်ရောပြီး လိမ်းပေးနိုင်ပါတယ်။ မိတ်ကပ်နဲ့ Eyeliner ဖျက်တဲ့နေရာမှာလည်း သံလွင်ဆီကို အသုံးပြုနိုင်ပြီး Eyeliner ဖျက်မယ်ဆိုရင်တော့ ဂွမ်းလေးနဲ့ သံလွင်ဆီကို အနည်းငယ်စွတ်ပြီး မျက်လုံးနားတစ်ဝိုက် သုတ်လိမ်းပေးခြင်းဖြင့် ဖျက်နိုင်မှာပါ။
ဒါ့အပြင် နေ့ဘက်မှာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ပြီးနောက် ညဘက်မှာတော့ မျက်လုံးနားတစ်ဝိုက်နဲ့ မျက်နှာပေါ်ကို သံလွင်ဆီ လိမ်းပေးရင်းနဲ့ ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေကို ပြန်လည်ကုစားနိုင်ပါတယ်။ သံလွင်ဆီမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ Antioxidant တွေက အမာရွတ်ဖြစ်ပေါ်နေတဲ့ နေရာက အရေပြားဆဲလ်တွေကို ပြန်လည်ကောင်းမွန်လာစေတာကြောင့်လည်း ပျိုမေတို့အတွက်တင်မကဘဲ ကြည်လင်းဝင်းပပြီး ကြည့်ကောင်းတဲ့အသားအရေကို ပိုင်ဆိုင်ချင်တဲ့ အမျိုးသားတွေအတွက်ပါ အသုံးဝင်တဲ့အကြောင်း တင်ဆက်ပေးလိုက်ရပါတယ်နော်။
#HM
#LifestyleMyanmar
Source: medicalnewstoday