ပိုလှပဖို့ပံ့ပိုးပေးမယ့် မီးဖိုချောင်ထဲကအဖိုးတန်ရတနာများ
moda.com.mm
|
2020-10-10

အလှအပနဲ့ပတ်သက်လို့ မကင်းနိုင်ကြသူတွေအနေနဲ့ ဒီဘက်ခေတ်မှာ အလှကုန်ပစ္စည်းအမှတ်တံဆိပ်တွေကလည်း ရွေးချယ်စရာတွေပိုမိုများပြားလာသလို ကိုယ်သုံးနိုင်ရင်သုံးနိုင်တဲ့ ငွေကြေးပမာဏအလျောက် အရည်အသွေးအမျိုးမျိုးနဲ့အလှကုန်တွေဟာလည်း ဈေးကွက်ထဲမှာ အစုံအလင်ပါပဲ။သို့ပေမယ့် ဘယ်လောက်ပဲဈေးကြီးတဲ့ product တစ်ခုဖြစ်ပါစေ ကိုယ့်အရေပြားနဲ့ဓာတ်မတည့်ရင်အဆင်မပြေနိုင်သလို ဘယ်လောက်ပဲဈေးနည်းပါစေ ကိုယ့်အရေပြားကလက်ခံပေးလို့ ကိုယ်နဲ့ဓာတ်တည့်တဲ့ပစ္စည်းဆိုတာမျိုးတွေလည်းရှိတတ်တာမို့ အသားအရည်နဲ့အလှအပပစ္စည်းတွေကိုရွေးချယ်ရာမှာတကယ်ကို ဂရုတစိုက်နဲ့သတိထားကြရပါတယ်။ကိုယ့်အရေပြားတစ်ထောက်စာဟာ ကိုယ့်အတွက်တော့ အရမ်းကိုအဖိုးတန်တာမို့ ကိုယ်နဲ့ဓာတ်မတည့်တဲ့ပစ္စည်းတစ်ခုကိုအသုံးပြုမိရင် ငွေကုန်အချိန်ကုန်အလှပျက်ပြီး ဒုက္ခရောက်ကြရတတ်ပါတယ်။ ဒါကြောင့်လည်းပဲ သဘာဝနဲ့နီးနိုင်သမျှအနီးစပ်ဆုံးအလှအပပစ္စည်းတွေကသာ လူကြိုက်အများဆုံးရွေးချယ်မှူတစ်ခုဖြစ်လာခဲ့တာပါ။ ဒါတောင်တချို့သဘာဝပစ္စည်းတွေနဲ့ဓာတ်မတည့်သူဆိုတာချွင်းချက်အနေနဲ့ရှိပါသေးတယ်။ ဒါပေမဲ့ဘာပဲပြောပြော သဘာဝပစ္စည်းတွေဟာ အများအားဖြင့် ဘေးအန္တရာယ်အကင်းဆုံးနဲ့စိတ်အချရဆုံးအရာတွေထဲမှာ ပါဝင်တာမို့ Stay At Home ကာလမှာ ငွေကုန်ကြေးကျလည်းနည်းစေမယ့်အပြင် အပြင်ကနေ Skincare မှာလို့ လာပို့တဲ့သူဆီကများရောဂါပိုးကပ်ငြိပါလာနိုင်သလားဆိုတဲ့စိုးရိမ်စိတ်မျိုးမဖြစ်ရလေအောင် ကိုယ့်အိမ်မီးဖိုချောင်မှာရှိတဲ့ ပစ္စည်းတချို့နဲ့ပဲ လှပစိုပြည် မြင်သူငေးတဲ့အသားအရည်တစ်ခုရအောင် ဖန်တီးကြည့်လိုက်ကြရအောင်။


နနွင်း




မီးဖိုချောင်ထဲမှာ မရှိမဖြစ်ရှိနေနိုင်မယ့် သဘာဝအလှအပဆေးစွမ်းကောင်းတစ်လက်ကိုပြပါဆိုရင် နနွင်းကိုအရင်ဆုံးပြရမှာပါပဲ။ နနွင်းစစ်စစ်ဟာ ပိုးမွှားကိုသေစေနိုင်ပြီး၊ ရောင်ရမ်းမှူကိုသက်သာစေရုံမက အရေပြားကိုနုပျိုတင်းရင်းစေတဲ့ဓာတ်သတ္တိတွေပါဝင်တယ်ဆိုတာ အတော်များများသိထားကြမှာပါ။ ဝက်ခြံသမားတွေအနေနဲ့ နနွင်းအနည်းငယ်ကို သံပုရာရည်နဲ့ရောပြီး မျက်နှာကို တစ်ပတ်နှစ်ကြိမ်ခန့် exfoliate လုပ်ခြင်းဖြင့် acne breakouts ဖြစ်ခြင်းမှ သက်သာစေနိုင်သလို နနွင်းအနည်းငယ်ကိုထောပတ်နဲ့ရောပြီး လိမ်းပေးခြင်းဖြင့်လည်း မျက်ကွင်းညိုတာကိုသက်သာစေနိုင်ပါတယ်။


ပျားရည်




အဘိုးအဘွားတွေလက်ထက်ကတည်းက ပျားရည်ကိုအိမ်တွင်းဆေးဝါးတစ်ခုအနေနဲ့ရော အသားအရည်လှပဖို့အတွက်ပါ အသုံးပြုကြတာကိုသတိထားမိမှာပါ။ ပျားရည်ဟာ ကျန်းမာရေးအတွက်အထောက်အကူပြုရုံသာမက အရွယ်မတိုင်ခင်အိုမင်းမှူကို လျော့ကျစေနိုင်တဲ့အစွမ်းသတ္တိတွေလည်းပိုင်ဆိုင်ထားပါသေးတယ်။ အသားအရည်ခြောက်သွေ့တဲ့သူတွေအနေနဲ့ ပျားရည်ကို moisturizer တစ်ခုလို ပုံမှန်သုံးစွဲခြင်းဖြင့် အရေပြားကိုစိုပြည်စေရုံမက ဝင်းမွတ်ချောမွေ့မှူကိုပါပေးစွမ်းနိုင်တဲ့အပြင် အရေပြားပြသနာတော်တော်များများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နှုတ်ခမ်းကွဲတာ ၊ခြေဖနောင့်ကွဲတာ ၊အသားပပ်တာတွေအတွက်လည်း ပျားရည်ကိုလိမ်းကျံပေးနိုင်သလို အရေးအကြောင်းနဲ့ ပိုးဝင်တာမျိုးတွေမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါသေးတယ်။


အုန်းဆီ




အုန်းဆီကိုတော့ ဆံပင်လိမ်းရင်အရမ်းကောင်းတယ်ဆိုတာ လူတိုင်းနီးပါးသိထားကြပြီးသားအချက်ပါ။ ငယ်ငယ်ကဆိုတွေကအုန်းဆီတွေရွှဲနေအောင်ထည့်ပေးနေကျမဟုတ်လား။ တကယ်ကအုန်းဆီဟာ ဆံပင်အတွက်သာမကပဲ အရေပြားအတွက်ပါ ကောင်းကျိုးအများကြီးပေးစွမ်းနိုင်ပါတယ်။ Baking Sodaအနည်းငယ်နဲ့ အုန်းဆီကိုရောပြီး မျက်နှာ Scrub အပျော့စားအနေနဲ့ အသုံးပြုလို့ရသလို အသားခြောက်ပြီးအရေပြားယားယံမှူတွေဖြစ်တဲ့အခါမှာလည်း ရေကြက်သီးနွေးထဲကို အုန်းဆီလက်ဖက်ရည်ဇွန်းနှစ်ဇွန်းခန့်ထည့်ပြီး ရေချိုးခြင်း ၊ရေစိမ်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ဒါ့အပြင် stay home ကာလမှာ ဂိမ်းဆော့ ၊ဇာတ်ကားကြည့်ရင်း နေ့ညမှားလို့ မျက်ကွင်းညိုနေသူတွေအတွက်လည်း အုန်းဆီအနည်းငယ်နဲ့မျက်ကွင်းတစ်ဝိုက်နှိပ်နယ်ပေးခြင်းဖြင့် မျက်ကွင်းညိုခြင်းကိုသက်သာစေနိုင်တယ်လို့ဆိုပါတယ်။နောက်ပြီး Makeup remover အနေနဲ့လည်းအသုံးပြုနိုင်ပါသေးတယ်တဲ့။


ဂျင်း




ဂျင်းဆိုတာ အစားအသောက်တွေကိုအနံ့အရသာနဲ့ပြည့်စုံစေတဲ့ ဟင်းခတ်ပစ္စည်းတစ်ခုဖြစ်သလို အရေပြားကိုလည်းကောင်းကောင်းအထောက်အကူပြုနိုင်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဂျင်းကိုအရည်ညှစ်ယူပြီး ပုံမှန်လိမ်းပေးခြင်းဖြင့် တင်းတိတ်တွေကိုသက်သာလျော့ပါးစေနိုင်ပါတယ်။ ဂျင်းကို နို့စစ်စစ်နဲ့ရောပြီး တစ်ပတ်တစ်ကြိမ်ခန့် မျက်နှာပေါင်းတင်ကပ်ခွာလို အသုံးပြုပေးခြင်းဖြင့်လည်း ဝက်ခြံနဲ့အဆီဖုတွေကို သက်သာလျော့ပါးစေမှာပါ။ 15မိနစ်ခန့်ကပ်ထားပြီး မျက်နှာသစ်၊ moisturizer တစ်ခုခုပြန်လိမ်းပေးဖို့တော့မမေ့ပါနဲ့။ နောက်တစ်နည်းအနေနဲ့ ဂျင်းကိုအခြောက်လှမ်း အမှုန့်ကြိတ်ပြီး ရရှိလာတဲ့ဂျင်းမှုန့်(၂) ဇွန်းခန့်ကို ရေ (၄) ဖန်ခွက်နဲ့ရောပြုတ်ပြီး Rosemary oil ငါးစက်၊ခြောက်စက်ခန့်ထည့်ကာ ပုလင်းသန့်သန့်တစ်ခုထဲထည့်သိမ်းထားပါ။ ဒီအရည်ကို မျက်နှာပေါ်ပုံမှန် လိမ်းပေးခြင်းဖြင့်လည်း အားလုံးငေးမောရတဲ့ Glow Skin effect ကို ရရှိစေနိုင်မှာပါတဲ့ ။


ရေခဲတုံး




ရေခဲတုံးကတော့ တော်တော်များများကအအေးဖျော်သောက်ဖို့လောက်ပဲ သိထားကြမှာဖြစ်ပေမယ့် ရေခဲတုံးကပေးစွမ်းနိုင်တဲ့ အလှအပဆိုင်ရာအစွမ်းတွေကိုတော့သိတဲ့သူ တော်တော်ရှားပါလိမ့်မယ်။ ရေခဲတုံးနဲ့ မျက်နှာကို နေ့စဉ်ပုံမှန်ပွတ်လိမ်းပေးခြင်းအားဖြင့် မျက်နှာအရေပြားရဲ့သွေးလည်ပတ်မှူကောင်းစေသလို တင်းရင်းကြည်လင်တဲ့အသားအရည်ကို ရရှိစေနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီး အခြားကိုယ်သုံးနေကျ Skincare တစ်ခုခုကိုလိမ်းပြီး ရေခဲတုံးနဲ့မျက်နှာတစ်ဝိုက်ပွတ်သပ်နှိပ်နယ်ပေးခြင်းဖြင့် Skincare တွေရဲ့ effect ကိုလည်း သိသိသာသာမြှင့်တင်ပေးနိုင်သလို အဆီပြန်ခြင်းကိုသက်သာစေပြီး ဝက်ခြံကိုလည်းလျော့ပါးစေပါတယ်။ နောက်ပြီး Rose Water နဲ့ သခွားသီးကိုရောကြိတ်၊ ရရှိလာတဲ့အရည်ကို ရေခဲတုံးဖြစ်အောင်အအေးခံ ၊အဲဒီရလာတဲ့ရေခဲတုံးကို မျက်လုံးတစ်ဝိုက်ပွတ်သပ်နှိပ်နယ်ပေးခြင်းဖြင့်လည်း မျက်ကွင်းညိုတာ မျက်တွင်းကျတာတွေကိုလည်း ထိထိရောက်ရောက် သက်သာစေမယ်လို့ဆိုပါတယ်။

Photo Credit to the Rightful Owners


#အရေပြား
#ရေခဲ
#အသားအရည်
#အုန်းဆီ
#နနွင်း

Some text some message..