ဆံပင်အတိုထားခြင်းရဲ့ အားသာချက်လေးတွေ
moda.com.mm
|
2020-11-16

မိန်းမတို့ဘုန်း ဆံထုံးဆိုတဲ့ဆိုရိုးစကားအတိုင်း မိန်းကလေးအများစုဟာ ဆံပင်အရှည်ထားရတာကိုနှစ်သက်ကြသလို မိန်းကလေးတွေနဲ့ဆံပင်အရှည်ဆိုတာ ခွဲထားလို့မရတဲ့ စံနှုန်းတစ်ခုလိုသဘောထားသတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ မိန်းကလေးတွေဟာ ဆံပင်အရှည်ကိုဆက်ပြီးမြတ်မြတ်နိုးနိုးထားကြတဲ့သူတွေလည်းရှိသလို ခေတ်ရေစီးအရရော ရာသီဥတုနဲ့ လိုက်လျောညီထွေရှိဖို့ပါ ဦးစားပေးစဉ်းစားလာကြတဲ့အခါမှာတချို့က ဆံပင်ခပ်တိုတိုကပ်ကပ်လေးတွေညှပ်လာတာတွေ့မြင်ရပါတယ်။ ဆံပင်အတိုဟာဖက်ရှင်ရှူထောင့်ကကြည့်ရင်လည်း ခေတ်ဆန်ပြီးအမြင်တစ်မျိုးဆန်းသလို ကျန်းမာရေးရှူထောင့်ကကြည့်ရင်လည်း အများကြီးကောင်းကျိုးပေးနိုင်တာတွေ့ရပါတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ဆံပင်အရှည်ထားတာနဲ့လည်း လိုက်ဖက်တင့်တယ်သလို ဆံပင်အတိုကပ်ကပ်လေးတွေညှပ်ဖို့ဆန္ဒရှိတယ်ဆိုရင်လည်း ရှက်မနေ တွေးပူမနေကြပဲ ရဲရဲဝံ့ဝံ့ညှပ်သင့်တယ်ဆိုတဲ့အကြောင်းကို အောက်ကအချက်လေးတွေနဲ့ သက်သေပြလိုက်ပါရစေ။


ထိန်းသိမ်းရလွယ်ကူခြင်း




ဆံပင်အတိုသမားတွေရဲ့ အကောင်းဆုံးအားသာချက်ကတော့ ဆံသားထိန်းသိမ်းရလွယ်ကူခြင်းပါ။ ဆံပင်ရှည်တဲ့သူတွေအနေနဲ့ ဆံပင်ရှူပ်တာ ၊ ငြိတာ ၊ ဆံသားနှစ်ခွဖြစ်တာတွေနဲ့ ထိန်းသိမ်းရ တော်တော်လေးကိုခက်ခဲပေမယ့် ဆံပင်အတိုသမားတွေမှာတော့ ဒီဒုက္ခတွေကမရှိသလောက်နီးပါးပါပဲ။


ဗောက်ပြသနာ




လေ့လာတွေ့ရှိချက်တွေအရ ဆံပင်အတိုသမားတွေအနေနဲ့ ဆံပင်ရှည်သူတွေထက်စာရင် ဗောက်ထဖို့အခွင့်အလမ်း ပိုပြီးနည်းပါးတယ်လို့ဆိုပါတယ်။အကြောင်းကတော့ ဗောက်ထခြင်းကိုဖြစ်ပေါ်စေတတ်တဲ့ ဦးရေပြားခြောက်သွေ့ခြင်းမဖြစ်စေဖို့အတွက် ဦးခေါင်းရဲ့ အရေပြားအောက်ကနေ အဆီတွေကို ပုံမှန်ထုတ်ပေးလေ့ရှိပါတယ်။ဆံပင်တိုသူတွေအတွက် လုံလောက်တဲ့ အဆီကိုထုတ်ပေးဖို့ မခဲယဉ်းပေမယ့် ဆံပင်ရှည်သူတွေအတွက်တော့ ဦးရေပြားက အဆီကို လုံလောက်အောင် ထုတ်ပေးနိုင်ခြင်းမရှိတော့တာကြောင့် ဦးရေပြား ခြောက်သွေ့ဗောက်ထခြင်းမျိုးနဲ့ ရင်ဆိုင်ရပါတော့တယ်။


ဆံပင်ကျွတ်




အိပ်ရာကနိုးရင် ခေါင်းအုံးပေါ်မှာ ဆံပင်တွေအထွေးလိုက်ကျွတ်နေတာမြင်ရတာနဲ့ ခေါင်းဖြီးတိုင်း၊ခေါင်းလျှော်တိုင်း ဆံပင်တွေကျွတ်ပြီးပါလာတာမျိုးတွေက လူကို တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေပါ။ တချို့ဆို အစားအသောက်တွေထဲမှာပါ ဆံပင်တွေကျွတ်ပြီး ပါလာတတ်တဲ့ ဒုက္ခမျိုးနဲ့လည်းရင်ဆိုင်ရပါသေးတယ်။ ဆံပင်တိုတဲ့သူတွေမှာတော့ အဲဒီဒုက္ခတွေ တော်တော်လေးကို နည်းပါးတယ်လို့ဆိုနိုင်ပါတယ်။ ဘိုကေပုံစံမျိုး ညှပ်ထားတဲ့သူတွေဆိုရင်တော့ ဒီဒုက္ခက လုံးဝကိုမရှိသလောက်ပါပဲ။


ပူပူလောင်လောင်




ရာသီဥတုပူတဲ့အခါမှာ ခံရအခက်ဆုံးက ဆံပင်ရှည်တဲ့သူတွေပါ။ နေပူပူအောက်မှာ သွားလာရတဲ့အခါ ၊ အစားအသောက်ခပ်ပူပူကိုစားတဲ့အခါမျိုးတွေမှာ ဆံပင်ရှည်သူတွေအနေနဲ့ လည်ဂုတ်တစ်ဝိုက်ချွေးတွေထွက်ပြီး အနေရခက်တာမျိုး ၊စိတ်အိုက်တာမျိုးနဲ့ ခဏခဏကြုံရတတ်ပါတယ်။ ဆံထုံးထုံးထားတဲ့အချိန် ၊ဆံပင်စည်းထားတဲ့အချိန်ဆိုရင်သိပ်မသိသာပေမယ့် ဆံပင်အတိုသမားတွေမှာရတတ်တဲ့ ပေါ့ပါးလွတ်လပ်ခြင်းမျိုးတော့ခံစားရမှာမဟုတ်ပါဘူး။


အားလုံးရယ်ဒီ




ကိစ္စတစ်ခုခု အကြောင်းတစ်ခုခုပေါ်လို့ အရေးတကြီးသွားရတော့မယ်ဆိုရင်လည်း ဆံပင်အတိုသမားတွေက တစ်ပန်းသာပြန်ပါတယ်။ ဆံပင်အရှည်သမားတွေ ခေါင်းလျှော်ပြီး ခေါင်းခြောက်အောင် Dryer တွေမှုတ် ၊ ပုံသွင်းနေရတဲ့ ကြာချိန်တွေထက် ဆံပင်အတိုသမားတွေက ပိုပြီး မြန်မြန်ဆန်ဆန်ပြီးနိုင်ပါတယ်။ ဆံပင်အရမ်းတိုအောင်ညှပ်ထားတဲ့သူတွေဆိုရင် ပုံတောင် ထူးထူးထွေထွေသွင်းစရာမလိုပဲ အဝတ်အစားလဲပြီးထသွားလိုက်ရုံပါပဲ။

Photo Credit To The Rightful Owners


#ဆံပင်
#ဆံပင်ရှည်
#အတို
#အရှည်
#ဦးရေပြား

Some text some message..