
Social Media ခေတ်လို့ဆိုရမယ့်အခုလိုအချိန်မှာ အွန်လိုင်းပေါ်တင်ဖို့အတွက် ဗီဒီယိုလှလှ ၊ဓာတ်ပုံလှလှတွေဟာလည်း မရှိမဖြစ် အရေးပါတဲ့အရာတွေဖြစ်လာပါတယ်။ ရိုက်ပေးမယ့် တစ်စုံတစ်ယောက်ရှိတဲ့သူတွေအတွက် ပုံလှလှလေးတွေရဖို့ မခက်ခဲပေမယ့် ရိုက်ပေးမယ့်သူမရှိသူတွေ (အထူးသဖြင့် FAတွေ) အတွက်ဆိုရင်တော့ Selfie ပုံတွေကသာ အားကိုးရာလို့ဆိုရမှာပါ။ ဒါကြောင့် Selfie ပုံလှလှလေးတွေရအောင် တစ်ဖက်တစ်လမ်းကအထောက်အကူပြုနိုင်ဖို့အတွက် ဒီအကြောင်းအရာလေးကနေတဆင့် အများစုသတိမမူမိတတ်ကြတဲ့ tips လေးတချို့နဲ့ reference ပုံလေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်နော်။ အားလုံးပဲ Selfie လှလှလေးတွေနဲ့ အပြိုင်အဆိုင် မိမိုက်နိုင်ကြပါစေ။
Fashion ကျကျ
အမိုက်စားဆယ်လ်ဖီပုံတွေရဖို့အတွက် အဝတ်အစားကလည်း အခန်းကဏ္ဍတစ်ခုအနေနဲ့ အရေးပါတယ်ဆိုတာမမေ့ပါနဲ့။ မျက်နှာတစ်ပိုင်းပဲပေါ်တာမို့ ဖက်ရှင်ကျဖို့မလိုပါဘူးဆိုရင်တော့ ဆားမပါတဲ့ဟင်းတစ်ပွဲကို မြိန်မြိန်ကြီးစားရသလိုဖြစ်နေမှာပါပဲ။ နောက်ဆုံးဝတ်ရမှာပျင်းတယ်ဆိုရင်တောင် အောက်ကအိမ်နေရင်းဘောင်းဘီအတိုင်းပဲထားပြီး အပေါ်ဝတ်ကို ဖက်ရှင်ကျအောင်ဝတ်ပါ။
မိတ်ကပ်ပြင်ဖြစ်အောင်ပြင်ပါ
ခုနောက်ပိုင်းမှာ မိတ်ကပ်ပြင်စရာမလိုပဲ အစအဆုံး အလိုအလျောက် မိတ်ကပ်ပြင်ပေးတဲ့ App တွေပေါ်နေပြီဆိုပေမယ့် ပိုပြီးသဘာဝကျကျနဲ့မိမိုက်နေတဲ့ပုံမျိုးလိုချင်တယ်ဆိုရင်တော့ အပြင်မှာပါ မိတ်ကပ်လှလှလေးလိမ်းထားဖို့လိုပါတယ်။
App သုံးဖို့မရှက်ပါနဲ့
Photo App ကောင်းကောင်းလေးတွေကို သုံးဖြစ်အောင်သုံးပါ။ ငါကသဘာဝအတိုင်းပဲကြိုက်တယ် Appသုံးဖို့မလိုပါဘူးလို့ သတ်မှတ်ထားရင်တော့ နောက်မှ သူများပုံတွေလို ငါ့ပုံကဘာလို့မလှတာလဲလို့ အထွန့်မတက်ပါနဲ့။ ဘယ်သူမှ Perfect ဖြစ်တယ်ဆိုတာမရှိပါဘူး။ အပြင်မှာလှရဲ့သားနဲ့တောင် ဓာတ်ပုံထဲမှာ အလှမပေါ်လွင်တာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် ခေတ်စားနေတဲ့ App ကောင်းကောင်းတွေကိုရှာပါ။ ပုံကို အလင်းအမှောင် ၊အရောင်အသွေးသေချာပြုပြင်ပြီးမှ Social Media ပေါ်တင်ပါ။
လေ့လာပါ
Instagram တို့ Pinterest တို့က ပုံတွေနဲ့ သူတို့ရဲ့ ပိုစ့်တွေကို လေ့လာပါ ။ ခေတ်စားနေတဲ့ရိုက်ဟန်တွေ ၊အလင်းအမှောင်နဲ့ အလွယ်တကူရနိုင်တဲ့ပစ္စည်းအချို့ကို အသုံးပြုပြီး ရိုက်တာမျိုးတွေကို အွန်လိုင်းမှာ မွှေနှောက်ပါ။ လေ့လာပါများတာနဲ့အမျှ အရင်ကနဲ့မတူတဲ့ selfie ပုံကောင်းကောင်းတွေ ရရှိလာတာတွေ့ရပါလိမ့်မယ်။
မှီငြမ်းဖို့အတွက်
ဒါကတော့ အမိုက်စား ဓာတ်ပုံတွေရရှိဖို့အတွက် ကိုရီးယားမှာခေတ်စားနေတဲ့ Ulzzang Girl လို့ တင်စားခေါ်ကြတဲ့ အမိုက်စားကောင်မလေးတွေရဲ့ Selfie ပုံလေးတွေပါ ။ ဒီပုံလေးတွေထဲက ပိုစ့်တွေနဲ့ ရိုက်ဟန်တချို့ကို အတုယူပြီး အမိုက်စားဓာတ်ပုံတွေ ရရှိနိုင်ကြပါစေနော်။
Photo Credit to the Rightful Owners