နှုတ်ခမ်းသားအရောင်ဟာ လူတစ်ယောက်နှင့် တစ်ယောက် မတူကြပါဘူး ။ တစ်ချို့ နှုတ်ခမ်းသားလေးတွေဟာ နှင်းဆီဖူးလိုမျိုး ပန်းရောင်သန်းပြီး လှပနေပေမယ့်လည်း တစ်ချို့ နှုတ်ခမ်းသားတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ညိုမဲနေတတ်ပါတယ် ။ နှုတ်ခမ်းသားညိုမဲနေခြင်း ဟာ မျိုးရိုးကြောင့်လည်း ဖြစ်တတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ ကိုယ်ဆိုးလိုက်တဲ့ နှုတ်ခမ်းနီဟာ အရည်အသွေးမကောင်းတဲ့ နှုတ်ခမ်းနီတွေကို ကြာရှည်စွဲဆိုးနေမိရင်လည်း နှုတ်ခမ်းသား ညိုမဲခြင်း ဖြစ်ပေါ်တတ်ပါတယ် ။
နောက်တစ်ချက်အနေနှင့်ကတော့ စီးကရက် အလွန်အကျွန် သောက်သုံးသူတတ်သူတွေကလည်း နှုတ်ခမ်းသားညိုမဲခြင်းကို ကြုံတွေရနိင်ပါတယ် .။ မျိုးရိုးကြောင့် ပိုင်ဆိုင်ထားရတဲ့ ညိုမဲနေတဲ့ နှုတ်ခမ်းတွေကိုတော့ အရှင်းသက်သာပျောက်ကင်းဖို့ ဆိုတာ မဖြစ်နိုင်ပေမယ့် အခြားသော အကြောင်းရင်းတွေကြောင့် ဖြစ်ပေါ်နေရတဲ့ နှုတ်ခမ်းသား ညိုမဲခြင်းကိုတော့ အရှင်းသက်သာ ပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းလေးတွေ ရှိပါတယ် ။ စိတ်ဝင်စားရင် ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော် ။
၁ ။ သဘာ၀ အုန်းဆီ
သဘာဝအုန်းဆီစစ်စစ်ဟာ အသားအရေကို ချော့မွေ့စေကာ အစိုဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ် ။ ဒီလို အစွမ်းသတ္တိတွေကြောင့် နှုတ်ခမ်းသားညိုမဲနေသူတွေအနေနှင့် အုန်းဆီကို ညအိပ်ရာဝင်ခါနီးတိုင်း နှုတ်ခမ်း တစ်ဝိုက်ကို ညင်ညင်သာသာပွတ်လိမ်း ပေးပါ ။ ဒီလို ပွတ်လိမ်းတဲ့အခါမှာ လည်း ပါးစပ်ထဲမဝင်အောင် ဂရုတစ်စိုက်လိမ်းပေးဖို့တော့ လိုပါတယ် ။ ညစဉ် ပုံမှန် လိမ်းသွားပေးပြီး တစ်လလောက်ကြာတဲ့အခါမှတော့ ကိုက်စားချင်စရာကောင်းလောက်အောင် ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းလေးတစ်စုံကို ရစေမှာပါနော် ။ ကိုယ်ရဲ့ နှုတ်ခမ်းနှင့် အုန်းဆီ ဓာတ်တည့်ခြင်း ရှိမရှိကိုတော့ စမ်းသပ်ပြီးမှ လုပ်စေချင်ပါတယ် ။
၂ ။ ပျားရည် ၊ သံပုရာရည်
စစ်ထရစ် အသီး ဖြစ်တဲ့ သံပုရာသီး ကတော့ အရေပြားကို ဝင်းလက်တောက်ပစေတဲ့ အာနိသင်ကြွယ်ဝတဲ့သီးတစ်မျိုးဖြစ်ပါတယ် ။ ဒီလို အစွမ်းရှိတဲ့ သံပုရာသီးကို ပျားရည်နှင့် ရောလိုက်တဲ့ အခါမှာတော့ နှုတ်ခမ်းသားတွေကို ပြန်လည် ဝင်းလက်တောက်ပစေရုံသာမကဘဲ နူးညံ့ထွေးအိတဲ့ နှုတ်ခမ်းလေး တစ်စုံကိုပိုင်ဆိုင်စေမှာပါ ။
သံပုရာရည် တစ်ဇွန်း ၊ ပျားရည် တစ်ဇွန်းတို့ကို ရောပြီး နှုတ်ခမ်းသားပေါ်ကို လိမ်းပေးပါ ။ မိနစ် ၂၀ အထိ ထားပေးပြီး ရေပြန်ဆေးချ နိုင်ပါတယ် ။
၃ ။ ရှားစောင်းလက်ပတ်
အသားအရေကို အေးမြစေတဲ့ ရှားစောင်းလက်ပက်ဟာလည်း နှုတ်ခမ်းသားလေးကို ပန်းရောင်သန်းစေနိုင်တာပဲဖြစ်ပါတယ် ။လတ်လတ်ဆတ်ဆတ် ခူးထားတဲ့ ရှားစောင်းလက်ပတ်ကို အသားခြစ်ယူပြီး ခြစ်ယူထားတဲ့ အသားကို ညိုမဲနေတဲ့ နှုတ်ခမ်းကို ပွတ်ပေးပါ ။ ပြီးတာနှင့် ရေပြန်ဆေးချပေးပါ ။ တစ်နေ့ကို ၂ကြိမ် ပုံမှန် ပြုလုပ်ပေးနိုင်ပါတယ် ။ ရှားစောင်းလက်ပတ်ဟာ နှုတ်ခမ်းသား ညိုမဲတာကို လျော့ချပေးနိင်ပါတယ် ။
၄ ။ နနွင်းမှုန့်
နောက်ဆုံး နည်းလမ်းလေးကတော့ အိမ်တိုင်းရဲ့ မီးဖိုချောင်မှာ ရှိတဲ့ ပစ္စည်းလေးပါ ။ အဲ့ဒါကတော့ နနွင်းမှုန့်ပဲ ဖြစ်ပါတယ် ။ နနွင်းမှုန့်နည်းလေးကို ကိုယ်တိုင်လုပ်ချင်တယ်ဆိုရင်တော့ နနွင်းမှုန် အနည်းငယ်ကို ရေအနည်းငယ်နဲ့ ခပ်ပျစ်ပျစ်လေးရအောင် ရောစပ်ပေးပါ ။ အနှစ်ခပ်ပျစ်ပျစ်လေးရလာပြီဆိုရင်တော့ နှုတ်ခမ်းသားပေါ်ကို လိမ်းပေးပြီး ခြောက်သွေ့တဲ့အထိ ထားလိုက်ပါ ။ ပြီးရင်တော့ ရေနှင့် သေချာ ပြောင်စင်အောင် ဆေးပေးပါ ။ ဒီနနွင်းမှုန့်နည်းလမ်းလေးကိုတော့ တစ်နေ့ တစ်ကြိမ်ေလောက်ပဲ လုပ်ပေးဖို့ လိုအပ်ပါတယ် ။ နောက်ပြီး တစ်ခု သတိထားရမှာကတော့ မိမိရဲ့ နှုတ်ခမ်းသားနှင့် နနွင်းမှုန့် တည့်မတည့်ကို သေချာ စမ်းသပ်ပြီးမှ လုပ်သင့်ပါတယ် ။