လူငယ်ဆန်ဆန် Wolf Cut ဆံပင်လေးတွေ ညှပ်ချင်တဲ့ပျိုမေတွေ သိထားသင့်တဲ့အရာများ
mystylemyanmar.com
|
2022-01-27

ပျိုမေတို့ထဲမှာ အခုတလော ခေတ်စားနေတဲ့ Wolf Cut ဆံပင်ပုံစံလေးတွေထားပြီး အထာကျချင်တဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကသင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ Wolf Cut ညှပ်ချင်တဲ့ ပျိုမေတို့အတွက် မညှပ်ခင်မှာ ပြင်ဆင်ပေးသင့်တဲ့အရာတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။


Wolf Cut ဆိုတာက အရှေ့အတို၊ အနောက်အရှည်အထပ်ကေကိုမှ မညီမညာပုံစံညှပ်ပေးရတာမျိုးဖြစ်ပြီး ချစ်စရာလည်းကောင်းသလို လူငယ်ဆန်ပြီး အထာကျတဲ့ပုံစံမျိုးလည်းရစေပါတယ်။ Wolf Cut ဆံပင်ပုံစံ အမျိုးမျိုးရှိပြီး သင့်အနေနဲ့ မိန်းကလေးဆန်ဆန် Wolf Cut အရှည်လေးတွေညှပ်နိုင်သလို ပေါ့ပေါ့ပါးပါးရှိတဲ့ တိုတိုကပ်ကပ်ပုံစံလေးတွေလည်း ညှပ်နိုင်ပါတယ်။ Wolf Cut ညှပ်တဲ့အခါ ပုံသွင်းပေးရတဲ့ အပိုင်းကလည်းအရေးပါပြီး အခြားသိထားရမယ့်အချက်တွေလည်းရှိတာမို့ ခုမှစညှပ်မယ့်သူတွေအတွက် ပြင်ဆင်ပေးဖို့လိုတဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့စဉ်ပုံသွင်းပေးဖို့လိုပါတယ်


Wolf Cut တွေက ဆံပင်အထပ်များတဲ့အတွက် အမြဲပုံကျနေဖို့လိုတာကြောင့် ညှပ်ပြီးတဲ့နောက် ပုံမှန် Styling လုပ်ပေးဖို့ အရေးကြီးပါတယ်။ ဒီလိုမဟုတ်ရင်တော့ သင့်ဆံပင်က မညီမညာဖြစ်ပြီး ရှုပ်ပွနေပါလိမ့်မယ်။ ဒါကြောင့် Wolf Cut ညှပ်ပြီးတဲ့နောက်မှာ ဆံပင်ပုံကျနေဖို့ အချိန်ပေးပုံသွင်းနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

၂။ မညှပ်ခင်ထဲက ဘယ်လိုပုံစံထားမလဲဆိုတာ ဆုံးဖြတ်ပေးပါ


Wolf Cut ကိုပုံသွင်းတဲ့နေရာမှာ ပိုလွယ်ကူစေဖို့ သင့်အနေနဲ့ ကိုယ်နဲ့လိုက်မယ့် ပုံစံကို မညှပ်ခင်ထဲက စဉ်းစားထားသင့်ပါတယ်။ သင့်မျက်နှာနဲ့လည်းလိုက်ဖက်ပြီး အချိန်ကြာကြာပုံသွင်းစရာမလိုတဲ့ ပုံစံမျိုးကိုရွေးချယ်ပေးပါ။ အတတ်နိုင်ဆုံး ဆံသားမပျက်စီးစေဖို့ Hair Serum တစ်မျိုးနဲ့ အပူကာတဲ့ Spray တွေအရင်အသုံးပြုပြီးမှ ပုံသွင်းပေးသင့်ပါတယ်။

၃။ သင့်ဆံသားအမျိုးအစားကိုလည်း ကြိုသိထားဖို့လိုပါတယ်


Wolf Cut နဲ့လှနေတဲ့သူတွေရဲ့ဆံသားက သင့်မူရင်းဆံလုံးအထူနဲ့ တူချင်မှတူမှာပါ။ ဒါကြောင့် အိမ်မှာကိုယ်တိုင် Wolf Cut ညှပ်ချင်တဲ့သူတွေအနေနဲ့ ပုံစံတစ်မျိုးထဲကိုကြည့်ပြီးလိုက်ညှပ်တာမျိုးထက် ကိုယ့်ဆံသား အထူအပါးပေါ်မူတည်ပြီး ညှပ်ပေးဖို့လိုပါတယ်။

၄။ သင့်မျက်နှာအချိုးအစားနဲ့လိုက်ဖက်အောင်ညှပ်နိုင်ပါတယ်


Wolf Cut က မတူညီတဲ့မျက်နှာအချိုးအစားအားလုံးနဲ့ လိုက်ဖက်အောင် အတိုအရှည်ပုံစံမျိုးစုံ ညှပ်လို့ရပါတယ်။ ဥပမာ မျက်နှာဝိုင်းပြီး ပါးဖောင်းတဲ့သူတွေဆိုရင် ဆံသားအပေါ်အလွှာကိုခပ်တိုတိုညှပ်ပြီး ဖောင်းဖောင်းလေးဖြစ်အောင်ပုံသွင်းထားတာမျိုးနဲ့လိုက်ဖက်ပါတယ်။

၅။ နောက်ဆုံးအနေနဲ့ Wolf Cut ကို တကယ်ညှပ်ချင်လားဆိုတာကို ပြန်စဉ်းစားပေးသင့်ပါတယ်


Wolf Cut ညှပ်ပြီးတဲ့နောက်မှာ ဆံသားတစ်လွှာချင်း အတိုအရှည် မညီတော့တာကြောင့် ပြန်ရှည်လာတဲ့အချိန်မှာလည်း ဆံပင်ပုံပျက်သွားနိုင်ပါတယ်။ ဒါကြောင့် ညှပ်ပြီးမှ နောင်တမရအောင် ကိုယ်တကယ်ညှပ်ချင်ရဲ့လားဆိုတာကိုပါ ပြန်စဉ်းစားကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#ဆံပင်ပုံစံ
#မျက်နှာ
#ညီမ
#အရာ
#အချိန်

Some text some message..