
လက်ဖက်စိမ်းရည်လို့ခေါ်တဲ့ Green Tea က ကိုယ်တွင်းအဆီကျစေဖို့လည်းအထောက်အကူပြုသလို အသားအရေလှဖို့အတွက်လည်း သုံးနိုင်တဲ့ဆေးဖက်ဝင်အပင်တစ်မျိုးပါပဲ။ သူ့မှာ အသားအရေအထူးပြုတဲ့ Vitamin B2 ၊ Vitamin E နဲ့ Antioxidant တွေများစွာပါဝင်နေသလို နီမြန်းခြင်းနဲ့ နေလောင်ဒဏ်ကို သက်သာစေတဲ့ အာနိသင်တွေလည်းပါဝင်နေတာပဲဖြစ်ပါတယ်။
အရေပြားမှာကပ်တတ်တဲ့ ဘက်တီးရီးယားပိုးတွေကိုပါ ဖယ်ရှားပေးနိုင်တာကြောင့် ဝက်ခြံနဲ့အဆီဖု ဖြစ်ခြင်းကို လျှော့ချပေးနိုင်ပြီး အသားအရေအစိုဓာတ်လည်းရစေပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ အသားအရေ Glow ပီးနုပျိုနေစေဖို့ Green Tea သုံးပြီး ထိန်းသိမ်းနည်း ၆ မျိုးကိုမျှဝေပေးလိုက်ရပါတယ်။
၁။ DIY Cleanser အနေနဲ့သုံးနိုင်တယ်

ပျိုမေတို့အနေနဲ့ ဓာတုပစ္စည်းများတဲ့ Cleanser တွေအစား ဈေးသက်သာပြီး ကိုယ်တိုင်လည်းလုပ်လို့ရတဲ့ Green Tea Cleanser အပျော့တွေကို အသုံးပြုသင့်ပါတယ်နော်။ ပြုလုပ်ရမယ့်နည်းလေးကတော့ လက်ဖက်စိမ်းမှုန့် နှစ်ဇွန်းကို ပျားရည်တစ်ဇွန်းခန့်နဲ့ရောပေးပြီး သင့်မျက်နှာနဲ့လည်ပင်းမှာ အညစ်အကြေးနဲ့ဖုန်တွေရှင်းသွားအောင် ၂ မိနစ်ခန့်အချိန်ပေးပြီး နှံ့နေအောင်ပွတ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ရေနဲ့ပြန်ဆေးပေးပါ။
၂။ Scrub ပြုလုပ်နိုင်တယ်

Green Tea ကဘက်တီးရီးယားသေစေတာကြောင့် သူ့ကိုသုံးပြီး ချေးချွတ် Scrub တိုက်တာတွေပြုလုပ်လို့ရပါတယ်။ Scrub လုပ်တဲ့အခါ လက်ဖက်စိမ်းရွက် တစ်ဇွန်းခန့်ကို သုံးနေကျ မျက်နှာသစ်ဆေးနဲ့ ဆတူရောပေးရမှာဖြစ်ပါတယ်။ မျက်နှာနဲ့လည်ပင်းတို့ကိုရေအနည်းငယ်စွတ်ပြီး ရလာတဲ့ Scrub အရောကို စက်ဝိုင်းပုံလှည့်ကာ ပွတ်တိုက်ပေးရပါမယ်။ တစ်မိနစ်ခန့်ပွတ်ပေးပြီးနောက် ရေဆေးချကာ တစ်ရှူးနဲ့ပုတ်ပြီး ရေပြန်သုတ်နိုင်ပါတယ်။
၃။ Toner အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်

Toner ဆိုတာကတော့ မျက်နှာသစ်ပြီးနောက် ကျန်နေတဲ့ အညစ်အကြေး၊ ဖုန်နဲ့ အဆီတွေအားလုံးကို သန့်စင်သွားစေတဲ့ Skincare အဆင့်တစ်ခုပဲဖြစ်ပါတယ်။ Green Tea ကို Toner အနေနဲ့လည်း အသုံးပြုနိုင်သလို ပြုလုပ်ရမယ့်နည်းကတော့ နှပ်ပြီးသား Green Tea အရည်ထဲကို ဝါဂွမ်းနဲ့ အနည်းငယ်စွတ်ပြီး မျက်နှာပေါ် ခပ်ဖွဖွပွတ်ပေးရမှာပဲဖြစ်ပါတယ်။ မနက်၊ ညအသုံးပြုနိုင်တဲ့အပြင် လုပ်ရလည်းလွယ်တဲ့ သဘာဝနည်းလမ်းတစ်ခုပါပဲ။
၄။ နှုတ်ခမ်းကွဲခြင်းကိုလည်းသက်သာစေတယ်

Photo Source: StoryTimes
နှုတ်ခမ်းကွဲခြင်းကို သဘာဝနည်းနဲ့ ထိထိရောက်ရောက်သက်သာချင်ရင်တော့ Lip Balm အနေနဲ့ Green Tea ကိုသုံးဖို့အကြံပြုချင်ပါတယ်။ သုံးရမယ့်နည်းကလည်းလွယ်လွယ်လေးပါပဲ။ ရေနွေးနွေးထဲနစ်ထားတဲ့ Green Tea အထုပ်လေးကို သင့်နှုတ်ခမ်းမှာ မိနစ်အနည်းငယ်ခန့်ကပ်ပေးရမှာပါ။ ဒါက သင့်နှုတ်ခမ်းအစိုဓာတ်အတွက် များစွာအထောက်အကူပြုပါလိမ့်မယ်။
၅။ Face Mask အနေနဲ့လည်းပုံမှန်ကပ်ပေးနိုင်ပါတယ်

Glow Skin အတွက် ဈေးကွက်ထဲက Green Tea Face Mask တွေလည်းအလွယ်တကူ ဝယ်ကပ်နိုင်သလို ကိုယ်တိုင် DIY လုပ်ချင်သူတွေအနေနဲ့ လက်ဖက်စိမ်းမှုန့်ကို ဒိန်ချဉ်၊ နွားနို့၊ ပျားရည်စတဲ့ ကိုယ်နှစ်သက်ရာရောပြီး ပြုလုပ်လို့ရပါတယ်။ သိသာတဲ့ရလဒ်အတွက် Green Tea Mask တွေကို နှစ်ပတ်တစ်ကြိမ်ခန့်ကပ်ပြီးအသုံးပြုပေးပါ။
၆။ Green Tea အထုပ်လေးတွေကို မျက်လုံးMask အဖြစ်လည်းသုံးနိုင်ပါတယ်

Green Tea ရဲ့ Antioxidant တွေက အရေပြား ဆဲလ်အသစ်ဖြစ်စေဖို့ကူညီပေးနိုင်တာကြောင့် မျက်နှာပေါ်ကအရေးအကြောင်းနဲ့အမဲစက်တွေကို သက်သာစေပါတယ်။ Green Tea အထုပ်သေးကို ရေနွေးနွေးထဲမှာ မိနစ် ၃၀ ခန့်စိမ်ထားပြီး ပြန်ထုတ်ကာ အရည်ညစ်ချပေးပါ။ ပြီးနောက် မျက်ကွင်းတစ်ဝိုက် ကပ်ပေးပြီးသုံးလိုက်ရုံပါပဲ။ သူ့မှာပါတဲ့ ကဖင်းဓာတ်က သင့်ရဲ့မျက်ကွင်းညိုတာတွေ၊ မျက်အိတ်ဖောင်းတာတွေကို လျှော့ချပေးပါလိမ့်မယ်။
Photo Source: Pinterest
By MyStyle Myanmar