
                                                                                                လက်သည်းရှည်ထားနိုင်တဲ့ မိန်းကလေးတစ်ယောက်က တော်တော်ကို အလှအပ ဂရုစိုက်ပြီး စိတ်ရှည်တဲ့ မိန်းကလေးလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ လက်သည်းတု ခဏတဖြုတ်တပ်တဲ့ မိန်းကလေးတွေဆိုရင် လက်သည်းရှည်သွားတဲ့အခါ ဘာမှ လုပ်လို့မရ ကိုင်လို့မရတဲ့ ဖြစ်ရပ်ကို ကြုံဖူးရင် သိမှာပါ။ လက်သည်းရှည် ထားတာက စိတ်ရှည်ပြီး သေချာ ဂရုစိုက်မှ ရှည်ရှည်၊ ကြည်ကြည်၊ လှလှလေး ရမှာပါ။ လက်သည်းရှည်ထားရင်းနဲ့ ရုတ်တရက် လက်သည်းကျိုးပြီး အသည်းကွဲရတဲ့ ဖြစ်ရပ်ကိုလည်း ပျိုမေအချို့ ကြုံဖူးမှာပါ။
ဒီတစ်ခေါက်မှာတော့ လက်သည်းရှည်ထားတဲ့အချိန် လက်သည်းကျိုးတာမျိုး မဖြစ်ဘဲ လက်သည်းမာပြီး ကြည်ကြည်လေး ဖြစ်နေဖို့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
                                                                                                ၁။ သံလွင်ဆီ နည်းလမ်း
                                                                                                

                                                                                                Photo Source: Kardamas
                                                                                                ပထမနည်းလမ်းကတော့ သံလွင်ဆီကို သုံးပေးရမယ့် နည်းလမ်းပါ။ ခွက်တစ်ခွက်ထဲကို သံလွင်ဆီ ၂ ဇွန်း ထည့်ပေးရပါမယ်။ ဒီထဲကို သံပယိုသီး တစ်ဝက်ခြမ်းကာ ညှစ်ထည့်ပေးရပါမယ်။ ဒီပါဝင်ပစ္စည်းနှစ်မျိုးကို ရောမွှေပေးရပါမယ်။ ပြီးနောက် ဒီခွက်ထဲကို လက်သည်းထည့် စိမ်ပေးရပါမယ်။ ဒီစိမ်တဲ့ အနေအထားအတိုင်း ၁၀ မိနစ် ထားပေးရပါမယ်။ ဒီနည်းလမ်းက ခဏခဏ လုပ်ပေးရင် လက်သည်းမာလာပြီး လက်သည်းသား ပိုကြည်တောက်လာပါလိမ့်မယ်။
                                                                                                သံလွင်ဆီက လက်သည်းကို အစိုဓာတ် ဖြည့်ပေးနိုင်ပါတယ်။ လက်သည်းရှည်တာ မြန်ဖို့ကိုလည်း အားပေးပါတယ်။ ဒါ့အပြင် ခဏခဏ သံလွင်ဆီနဲ့ ထိန်းသိမ်းပေးတဲ့အခါ လက်သည်းပုံစံက အရင်ထက် ပိုလှပြီး ပိုအချိုးကျလာပါလိမ့်မယ်။
                                                                                                ၂။ အုန်းဆီ နည်းလမ်း
                                                                                                

                                                                                                Photo Source: pamper.my
                                                                                                ဒီနည်းလမ်းကတော့ အုန်းဆီအပြင် သံလွင်ဆီ ၄ ဇွန်း ပါ ထည့်ပေးရမှာပါ။ ပြီးရင် သံပယိုရည် နှစ်ဇွန်းထည့်ရပါမယ်။ ပြီးရင်တော့ အုန်းဆီ ၁ ဇွန်း ထည့်ရပါမယ်။ ဒါကို ဇွန်းလေးနဲ့ မွှေပေးရပါမယ်။ ပြီးနောက် လက်သည်းကို ပထမနည်းလမ်းလို စိမ်ပေးရပါမယ်။ ဒီနည်းလမ်းကတော့ လက်သည်းမာတာထက် လက်သည်း အရှည်ပိုမြန်တဲ့ နည်းလမ်းပါ။
အုန်းဆီက ပိုးသေစေနိုင်တဲ့ အာနိသင်ရှိပြီး မှိုဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ လက်သည်း ခဏခဏ ကျိုးတတ်သူတွေအတွက် အုန်းဆီနဲ့ သံလွင်ဆီက သင့်တော်ပါတယ်။ ဒါ့အပြင် အုန်းဆီက လက်သည်းအရောင် ဖျော့တာကိုလည်း ပန်းရောင် ပြန်သန်းလာအောင် ကူညီပေးနိုင်ပါတယ်။
                                                                                                ၃။ Vaseline
                                                                                                

                                                                                                သင်က အုန်းဆီ၊ သံလွင်ဆီတွေနဲ့ လက်သည်းကို ထိန်းသိမ်းရတာ အလုပ်ရှုပ်ရင် Vaseline ပန်းရောင်ဘူးအသေးလေးနဲ့ လက်သည်းကို အားတိုင်း ပွတ်ပေးနေနိုင်ပါတယ်။ Vaseline က လက်သည်းကို ကျန်းမာစေကာ အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။
                                                                                                ၄။ လက်သည်းကို ခိုင်ခံ့စေတဲ့ လက်သည်းနီကို သုံးပါ
                                                                                                

                                                                                                လက်သည်းနီ ဗူးခွံပေါ်မှာ Nail Growth, Nail Strengthen စတဲ့ စာတွေ ရေးထားတဲ့ လက်သည်းနီ အမျိုးအစားကို ရှာသင့်ပါတယ်။ ဒီလက်သည်းနီတွေက လက်သည်း ပျက်စီးပြီး အရောင် ပြောင်းတာမျိုး မဖြစ်စေဘဲ လက်သည်းပိုကောင်းလာအောင် ကူညီပေးပါလိမ့်မယ်။
                                                                                                

                                                                                                နောက်ဆုံးအချက်အနေနဲ့တော့ ရေများများသောက်ပေးသင့်ပါတယ်။ ရေသောက်တာက အသားအရေအတွက်အပြင် လက်သည်းအတွက်ပါ ကောင်းပါတယ်။ ရေက လက်သည်းကို အစိုဓာတ်ပေးနိုင်ပြီး လက်သည်း ပိုကျန်းမာလာစေပါလိမ့်မယ်။
                                                                                                Photo source: Pinterest
                                                                                                By MyStyle Myanmar