ဆံလုံးသေးတဲ့သူတွေအတွက် ဆံပင်အုံထူသလိုမြင်ရစေမယ့် နည်းလမ်း (၆) မျိုး
mystylemyanmar.com
|
2023-02-21

မင်္ဂလာပါနော်။ ဆံလုံးသေးပြီး ဆံပင်ပါးသလို မြင်ရတဲ့သူတွေအတွက် အုံထူထူလေးဖြစ်အောင် ဖန်တီးနိုင်မယ့်နည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဆံပင်ထူအောင်ထိန်းသိမ်းမှုတွေလုပ်ပေမယ့် သိသိသာသာမထူးလာတဲ့သူတွေအတွက် အသုံးဝင်စေမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

၁။ ဆံပင်အတိုနဲ့ အထပ်ကေလေး ထားကြည့်ပါ



ဆံပင်အတိုနဲ့ အထပ်ကေပုံစံပြောင်းလိုက်တာက ဆံပင်ပါးတာမသိသာစေဖို့ ထိရောက်တဲ့ လှည့်စားနည်းတစ်ခုပါနော်။ အရှေ့အနောက်အတိုအရှည် အထပ်လေးထည့်လိုက်တာက အရှည်အတိုင်းထားတာထက် ဆံပင်အုံဖောင်းဖောင်းလေး ဖြစ်သွားစေမှာပါ။ ဆံပင်အတိုကို တိပေးတာကလည်း အဖျားနှစ်ခွနေရာတွေကို ရှင်းလိုက်သလိုဖြစ်တာမို့ ဆံသားပိုလှပါတယ်။

၂။ ဆံကြောင်းတစ်ဖက်ကို များများခွဲပါ



ဆံကြောင်းရဲ့တစ်ဖက်တည်းကို ဆံပင်များများသပ်ထားတာကလည်း အမြင်မှာ အုံထူသွားသလိုထင်ရစေပါတယ်။ ဒါ့အပြင် မျက်နှာဘေးဘက်အုပ်ပြီး အရိပ်ကျတာမို့ မျက်နှာ Shape လေးပိုသွယ်သွားသလိုပါ မြင်ရစေမှာပါ။

၃။ ဆံပင်ကောက်ကြည့်ပါ



လှိုင်းတွန့်အကောက်ပြေပြေလေးတွေထည့်ပြီးပုံသွင်းတာ၊ ဆံပင်ကိုခပ်ပွပွလေး ကောက်လိုက်တာတွေကလည်း ဆံလုံးကြီးပြီး ဆံပင်အုံထူသွားသလို ခံစားရမှာပါ။

၄။ Blowout Dryer Brush သုံးပါ


ဆံပင်အရှည်ထားတတ်သူတွေနဲ့ အဆင်ပြေမယ့်နည်းဖြစ်ပါတယ်။ ဆံပင်မှုတ်တဲ့အခါ ရေခြောက်ခါနီး ဆံသားကို Blowout Dryer Brush သုံးပြီး ဝိုက်ဝိုက်လေးပုံသွင်းလိုက်ပါ။ ဆံပင်ရှည်က ပါးပြီး ကပ်နေသလို မဖြစ်တော့ဘဲ အုံပြည့်ပြည့်လေး မြင်ရပါလိမ့်မယ်။

၅။ Ponytail နှစ်ထပ် ဆံပင်စည်းပါ



Ponytail ပုံစံဆံပင်အမြင့်စည်းကို ဆံကြောင်းနှစ်ခုခွဲပြီး ခွဲစည်းလိုက်တာ အထပ်ထည့်လိုက်သလိုဖြစ်တာမို့ ဆံပင်အုံပိုများသွားသလို မြင်ရတတ်ပါတယ်။ ပုံထဲကလို ပုံစံလေးစည်းကြည့်ပါ။

၆။ Hair Extension ထည့်နိုင်ပါတယ်



ပုံမသွင်းထားလဲ ဆံပင်ထူနေချင်ရင် Hair Extension ထည့်တဲ့နည်းကို သုံးနိုင်ပါတယ်နော်။ ဒါပေမယ့် ရေရှည်အတွက်ဆိုရင်တော့ Hair Extension က ကိုယ့်ရဲ့ Natural ဆံသားအရင်းတွေကို ထိနိုင်တာမို့ ဒီတိုင်းတပ်ထားတာထက် အရေးတကြီးလိုအပ်တဲ့အချိန်တွေမှ သုံးတာပိုကောင်းပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#ဆံသား
#Ponytail
#ဆံပင်အတို
#မျက်နှာ
#HairExtension

Some text some message..