
မင်္ဂလာပါ ပျိုမေတို့ရေ။ အခုနောက်ပိုင်း မိတ်ကပ်ပြင်တဲ့အခါ မျက်တောင်တုတွေ ဖြုတ်လိုက်တပ်လိုက် လုပ်တာထက် မျက်တောင် Extension ဆက်နေတဲ့သူတွေလည်း ရှိလာပါပြီနော်။ Extension တပ်တာရဲ့ အားသာချက်က Mascara ထူထူဆိုးတာ၊ မျက်တောင်တုသီးသန့်တပ်တာတွေထက် အလုပ်ရှုပ်သက်သာပြီး Natural ပိုဆန်သလိုလည်း မြင်ရတာပါ။ ဒါပေမယ့် ကိုယ်ပိုင်မျက်တောင်မဟုတ်တဲ့အတွက် ဆက်ပြီးတဲ့နောက် အနည်းနဲ့အများတော့ ဂရုစိုက်ပေးရပါတယ်။ ဒီအတိုင်းပြစ်ထားရင် ခဏလေးနဲ့ ကျွတ်ထွက်တာ၊ ကိုယ့်မျက်တောင်အစစ်ကိုပါ ထိခိုက်တာတွေဖြစ်လာမှာပါ။ သင်က မျက်တောင်ဆက်ထားတဲ့သူဆိုရင် အခုဖော်ပြပေးမယ့်အချက်တွေကို လိုက်လုပ်ပေးဖို့ လိုပါတယ်။
၁။ မျက်တောင်ကိုနေ့စဉ် ညင်သာစွာ သန့်စင်ပါ
ဖုန်၊ အဆီနဲ့ မိတ်ကပ်တွေ မျက်တောင်မှာကပ်ကျန်နေရင် ပိုးဝင်ပြီး မျက်လုံးကို ထိခိုက်တတ်ပါတယ်။ မိတ်ကပ်ဖျက် တစ်ရှူး၊ Cotton Pad တွေနဲ့ မျက်လုံးကို ပွတ်ဆွဲတာမျိုးမလုပ်ဘဲ ဂွမ်းတံနဲ့ခပ်ဖွဖွပွတ်ပြီး ပုံမှန်လေး သန့်စင်ပေးပါ။ ရေဓာတ်အခြေခံတဲ့ Cleanser အပျော့တွေ သုံးဖို့လိုပါတယ်။
၂။ Oil ပါတဲ့ Skincare ပစ္စည်းတွေနဲ့ မထိအောင်ရှောင်ပါ
ဆက်ထားတဲ့မျက်တောင်ကို Oil နဲ့ထိတွေ့မိတာက ကြာရှည်မခံဘဲ ကျွတ်ထွက်ဖို့ လွယ်ပါတယ်။ အတတ်နိုင်ဆုံး အဆီနဲ့မထိအောင် ရှောင်ပါ။ လက်မှာလည်း အဆီရှိတာမို့ မျက်တောင်တစ်ဝိုက် လက်နဲ့ခဏခဏကိုင်တာမျိုး မလုပ်ပါနဲ့။ အဆီပြန်အသားအရေရှိတဲ့သူဆိုရင် အဆီပြန်သက်သာမယ့် Skincare တွ၊ အဆီစုပ်စက္ကူတွေ ဆောင်ထားပါ။ မျက်တောင်အတွက် Cleansing Oil မသုံးဖို့လည်း လိုပါတယ်နော်။
၃။ Waterproof ဖြစ်တဲ့မိတ်ကပ်တွေ မလိမ်းရင်အကောင်းဆုံးပါ
Eye Makeup လိမ်းမယ့်သူတွေက ရေစိုခံပစ္စည်းတွေဆို မသုံးတာ အကောင်းဆုံးပါပဲနော်။ ရေစိုခံ Mascara တွ၊ Eyeliner တွေကို အဓိကထားပြီး ရှောင်ပေးပါ။ ဒါတွေက ဖျက်ရခက်တာမို့ မစင်ဘဲ မျက်တောင်အရင်းတွေမှာကပ်ကျန်ခဲ့ရင် ချွေးပေါက်ပိတ်ပြီး မျက်တောင်အစစ်ကိုပါ ပျက်စီးစေမှာပါ။
၄။ Eyelash Serum သုံးပေးပါ

Photo Source: Glamour
Extension ဆက်တဲ့အခါ ကိုယ်ပိုင်မျက်တောင်နဲ့တွဲကပ်ထားရတာမို့ အချိန်ကြာလို့ ကျွတ်လာရင် မျက်တောင်အစစ်တွေပါအတူ ကျွတ်ထွက်သွားတတ်ပါတယ်။ ဒီလို လွယ်လွယ်နဲ့ မကျွတ်ဖို့ မျက်တောင်အရင်းတွေကို အားဖြည့်ပေးပါ။ Eyelash Serum ပုံမှန်လိမ်းတာက မျက်တောင်အရင်းကနေ အတွင်းပိုင်းအထိ အစိုဓာတ်စိမ့်ဝင်စေပြီး ပင်ကိုယ်မျက်တောင်လေးတွေကိုပါ ထူလာစေမှာပါ။
၅။ မျက်တောင်ကော့တံလေးနဲ့ ပုံမှန်ဖြီးပါ

Photo Source: LifeSavvy
ရေချိုးပြီး၊ အိပ်ပြီးချိန်တွေမှာ ဆက်ထားတဲ့မျက်တောင်တွေက ငြိနေတတ်တာမို့ Mascara နဲ့ မျက်တောင်ကော့သလို ကော့တံလေးနဲ့ ဖြီးပြီး ရှင်းပေးဖို့လိုပါတယ်။ မျက်တောင်အကျွတ်နည်းပြီး Extension ကို ကြာရှည်ခံစေမှာပါ။
၆။ မျက်လုံးတစ်ဝိုက် မပွတ်မိအောင် သတိထားပါ
Extension လုပ်ထားတဲ့သူက မျက်လုံးကိုပွတ်တတ်တဲ့အကျင့်ရှိရင် ပျောက်အောင်လုပ်ပေးပါနော်။ မျက်လုံးခဏခဏပွတ်တာက မျက်တောင်ကျွတ်ထွက်လွယ်တဲ့အပြင် မျက်လုံးအရေးအကြောင်းလည်း ထွက်တတ်ပါတယ်။ မျက်လုံးတစ်ဝိုက်ယားလာတဲ့အခါ ခပ်ကြမ်းကြမ်းပွတ်မယ့်အစား ယားတဲ့နေရာကို လက်ချောင်းထိပ်လေးနဲ့ ခပ်ဖွဖွပုတ်ပေးတာမျိုး လုပ်ကြည့်သင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar