
ဆံပင်တွေကြမ်းပြီး ဖွာနေတယ်ဆိုရင် Hair Serum သုံးပေးဖို့ အကြံပေးချင်ပါတယ်နော်။ Serum အများစုမှာ ဆံသားကို အားဖြည့်ပေးတဲ့ ဗီတာမင်ဓာတ်၊ အဆီနဲ့ ပရိုတင်းဓာတ်တွေပါဝင်တဲ့အပြင် ပုံမှန်လေးသုံးပေးရင်းနဲ့ ဆံပင်ထုံးတာ၊ ဖွာနေတာတွေသက်သာပြီး တောက်ပြောင်သန်စွမ်းလာစေမှာပါ။ ဒါ့အပြင် အခုခေတ် အသုံးများတဲ့ ဆံသားပြုပြင်စက်အပူတွေကြောင့် ဆံသားပျက်စီးခြင်းကိုလည်း ပြန်လည်သက်သာလာစေတာမို့ Serum လေးတစ်မျိုးဆောင်ထားတာက လုံးဝမမှားပါဘူး။ ဒါကြောင့် သုံးဖို့စဉ်းစားနေသူတွေအတွက် အကုန်အကျနည်းနည်းနဲ့ ကိုယ်တိုင်လုပ်လို့ရတဲ့ DIY Hair Serum လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
Hair Serum လုပ်ဖို့ ပါဝင်ပစ္စည်း ငါးမျိုးလိုပါတယ်။ ရှားစောင်းလက်ပတ် Gel ၊ အုန်းဆီ၊ Vitamin E ဆီ၊ Argan ဆီနဲ့ နှစ်သက်ရာ Essential Oil တစ်မျိုးပါ။
အရင်ဆုံး အရောအနှောမရှိတဲ့ ရှားစောင်း Gel ကို ခွက်တစ်ဝက်ခန့် ပမာဏယူပြီး အုန်းဆီတစ်ဇွန်း၊ Vitamin E ဆီ တစ်ဇွန်း၊ Argan ဆီတစ်ဇွန်းတို့နဲ့ ရောလိုက်ပါ။ ကိုယ်နှစ်သက်တဲ့ Essential Oil တစ်မျိုးကို အနံ့အတွက် ငါးစက်လောက်ပေါင်းထည့်ပါမယ်။ ရလာတဲ့အရည်ကို ဘူးအသန့်တစ်ခုထဲ ပြောင်းထည့်ပေးလိုက်ပါ။ ထည့်ထားတဲ့ပုလင်းကို နေရောင်တိုက်ရိုက်မထိတဲ့နေရာမှာ ထားပေးရပါမယ်။ ဒါဆိုရင် သင့်တဲ့ Serum ပြုလုပ်မှုပြီးသွားပါပြီ။

Photo Source: Pinterest
By MyStyle Myanmar