
ပြီးခဲ့တဲ့နှစ်တွေမှာ စကတ်အတိုတွေ ခေတ်စားခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ စကတ်အရှည်တွေ၊ ဂါဝန်အရှည်တွေ အဝတ်များလာပါတယ်။ ဂါဝန်အရှည်ကတော့ တစ်ဆက်တည်းဖြစ်တာကြောင့် တွဲဖက်ဝတ်ဆင်စရာကို စဉ်းစားဖို့ မလိုပေမယ့် စကတ်အရှည်ဝတ်မယ်ဆိုရင်တော့ အပေါ်ပိုင်းမှာ ဘာဝတ်ရင် ကောင်းမလဲ၊ ဘာနဲ့ လိုက်ဖက်သလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ စကတ်အရှည်တွေက ဗိုက်အဆီရှိတဲ့သူဖြစ်ဖြစ် မရှိတဲ့သူဖြစ်ဖြစ် လိုက်ဖက်ပြီး ခန္ဓာကိုယ်ကို ပိုပြီးသွယ်လျစေတဲ့ပုံစံမျိုးပါ။ ခန္ဓာကိုယ်အချိုးအစား ဘယ်လိုပဲရှိရှိ ဝတ်လိုက်တိုင်း ကြည့်ကောင်းတဲ့စကတ်ပုံစံမျိုးဖြစ်ပါတယ်။
အရပ်မမြင့်တဲ့သူတွေအတွက်
အရပ် သိပ်မမြင့်တဲ့သူတွေ ဝတ်မယ်ဆိုရင်တော့ ခြေချင်းဝတ်အထက် တစ်လက်မလောက်အထိ ရှည်တဲ့ စကတ်မျိုးကို ရွေးချယ်သင့်ပါတယ်။ အတွန့်အဖတ်တွေ ပါတဲ့စကတ်ကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ အတွန့်လေးတွေ ပါတာမျိုး ဝတ်ချင်တယ်ဆိုရင် ဒေါင်လိုက်အတွန့်မျိုးကိုသာ ဝတ်ဆင်ဖို့ အကြံပေးပါရစေ။ ဒါ့အပြင် အဆင်ဒီဇိုင်း သေးသေးလေးတွေက အရပ် သိပ်မမြင့်တဲ့မိန်းကလေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ စကတ်နဲ့ အင်္ကျီအရောင်တူကိုမှ သိပ်မပွဘဲ ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်တာမျိုးကို ဝတ်မယ်ဆိုရင်လည်း ချစ်စရာကောင်းနေမှာ ဖြစ်ပါတယ်။
အရပ်မြင့်တဲ့သူတွေအတွက်
အရပ်မြင့်တဲ့သူတွေအတွက်ကတော့ အဆင်ဒီဇိုင်း ခပ်ရှုပ်ရှုပ်တွေ၊ အလျားလိုက် အစင်းတွေ၊ အတွန့်အဖတ်တွေ ပါဝင်တာမျိုး ဝတ်ရင် ခန္ဓာကိုယ်ကို အနှောင့်အယှက် မဖြစ်စေဘဲ လှနေမှာပါ။ အပွင့် ခပ်ကြီးကြီးတွေဟာလည်း လူကို ထင်ပေါ်လှပစေမယ့် ပုံစံတစ်ခုပါ။
အင်္ကျီရွေးချယ်မှုပုံစံ
စကတ်အရှည်တွေက အင်္ကျီ တော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ မိန်းကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ပုံစံဖြစ်စေချင်ရင် ခါးတိုအင်္ကျီလေးတွေနဲ့ တွဲဝတ်လို့ ရပါတယ်။ ရိုးရိုးရှင်းရှင်း အင်္ကျီလေးတွေနဲ့ လင်းလင်းလက်လက် အဆင်တန်ဆာတွေ တွဲဖက်ပြီး ဝတ်မယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ဖက်ရှင်လေး ဖြစ်နေမှာပါ။
စကတ်အရှည်ဝတ်တဲ့အခါ မြင်နေကျ ပုံစံတွေထဲက ကွဲထွက်ချင်ရင် တင်ပါးအလယ်လောက်အထိ အရှည်ရှိတဲ့အင်္ကျီကို စကတ်အတွင်းထဲ ထည့်မဝတ်ဘဲ အပြင်ထုတ်ပြီး ခါးပတ်လေး ပတ်ဝတ်လိုက်ပါ။ မိန်းကလေးဆန်ဆန် ယဉ်ကျေးတဲ့ပုံစံလေး ဖြစ်နေပါလိမ့်မယ်။ ဒီလိုဝတ်မယ်ဆိုရင်တော့ အရောင်ရွေးချယ်မှုကို သတိပြုဖို့ လိုအပ်ပါတယ်။ အပေါ်အောက်လိုက်ဖက်တဲ့ အရောင်ငြိမ်ငြိမ်လေးတွေ ဝတ်ဖို့ အကြံပေးချင်ပါတယ်။
အစည်းအဝေး၊ ညစာစားပွဲ စတဲ့ အခမ်းအနားတွေမှာ စကတ်အရှည် ဝတ်တော့မယ်ဆိုရင် ဒူးခေါင်းအောက် သုံးလက်မ၊ လေးလက်မခန့် အရှည်ရှိတဲ့ Midi စကတ်မျိုးကို ရွေးချယ်သင့်ပါတယ်။ ဘေးကို သိပ်မကားတဲ့ စကတ်ပုံစံကို ကုတ်အင်္ကျီ၊ ဒါမှမဟုတ် ဇာအင်္ကျီတွေနဲ့ တွဲဖက်လိုက်ရင်တော့ ကျက်သရေရှိသလို အဆင့်မြင့်တဲ့အသွင်ကို ရရှိမှာပါ။ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်လွင်ဖို့အတွက် Pencil Skirt တွေ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
ဖိနပ်ရွေးချယ်မှု
စကတ်အရှည်နဲ့ လိုက်ဖက်တဲ့ ဖိနပ်ရွေးချယ်ဖို့ဆိုတာ သိပ်ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ်ဝတ်ဆင်ထားတဲ့ဖက်ရှင်အပေါ် မူတည်ပြီး ပေါ့ပေါ့ပါးပါးဆိုရင် ကြိုးသိုင်းအပါး၊ ခြေညှပ်ဖိနပ်၊ ရှူးဖိနပ်တွေနဲ့ လိုက်ဖက်သလို တပြေးတည်း ဒေါက်အနိမ့်ဖိနပ်တွေနဲ့လည်း လိုက်ဖက်စွာ ဝတ်ဆင်နိုင်ပါတယ်။ Ankle Boot စီးပြီး ခါးတိုကုတ်အင်္ကျီနဲ့ စကတ်အရှည် ဝတ်နိုင်သလို ခြေချောင်းပေါ်တဲ့ ဒေါက်ဖိနပ်တွေဟာလည်း မိန်းမဆန်တဲ့အလှကို စကတ်အရှည်နဲ့အတူ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။