
အသားညိုတဲ့မိန်းကလေးအများစုက ဖြူတဲ့မိန်းကလေးတွေကို အားကျကြတာ များပါတယ်။ အရှေ့တိုင်းနိုင်ငံတွေမှာ ဖြူတဲ့အသားအရေကို မက်မောကြတာ မှန်ပေမယ့် အနောက်တိုင်း နိုင်ငံတွေမှာတော့ ညိုချောလေးတွေက ပိုပြီးခေတ်စားကြတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ကိုယ့်ကိုယ်ကိုယ် အသားညိုလို့ ယုံကြည်မှုနည်းနေတဲ့မိန်းကလေးတွေ၊ လက်ပြတ်၊ လက်တို၊ လက်မောင်းသားလေးတွေ ပေါ်တဲ့ အင်္ကျီလေးတွေကို မဝတ်ရဲတဲ့ ညိုချောလေးတွေနဲ့ လိုက်ဖက်တဲ့ဖက်ရှင်ပုံစံလေးတွေကို မျှဝေပေးလိုက်ပါတယ်။
အရောင်တောက်တောက် အဝတ်အစားများ
အသားညိုလို့ အရောင်မှိုင်းတာတွေပဲ ဝတ်တာမျိုး မလုပ်ပါနဲ့။ အသားညိုသူတွေက အရောင်မွဲတာတွေကို ရွေးချယ်မယ်ဆိုရင် မပေါ်လွင်ပဲ ပိုပြီးမှောင်သွားစေပါတယ်။ အရောင်တောက် တဲ့အင်္ကျီလေးတွေကို ဦးစားပေး ရွေးချယ်နိုင်ပါတယ်။ အပြာရောင်၊ အစိမ်း၊ အဝါ ဘယ်လိုအရောင်တွေ ပဲဖြစ်ဖြစ် တောက်တာလေးတွေကို ဝတ်ဆင်နိုင်ပါတယ်။
အဖြူ၊ အမည်းနဲ့ Metallic ဒီဇိုင်းများ
အရောင်မှိုင်းတာနဲ့ မလိုက်ဖက်ပေမယ့် အမည်းရောင်ကိုတော့ ဝတ်ဆင်လို့ရပါတယ်။ အဖြူ အမည်း ဝမ်းဆက်ပဲဖြစ်ဖြစ်၊ အပေါ်အဖြူ၊ အောက်ပိုင်းကို အမည်း အစရှိသလို တွဲဖက်ဝတ်ဆင်ရင်လည်း ညိုချောလေးတွေနဲ့လိုက်ဖက်တာကို တွေ့ရမှာပါ။ နောက်ပြီး ပြောင်ပြောင်လက်လက် ဒီဇိုင်းလေးတွေပါတဲ့ Metallic အင်္ကျီလေးတွေကိုလည်း ဝတ်ဆင်နိုင်ပါတယ်။ Metallic အင်္ကျီမျိုး ဝတ်ဆင်မယ်ဆိုရင်တော့ ရွှေရောင်ကို ဦးစားပေးပြီး ဝတ်ဆင်စေချင်ပါတယ်။
အရောင်နုသော အဝတ်အစားများ
အရောင်နု ဝတ်ရတာကို ကြိုက်တဲ့သူတွေဆိုရင်လည်း အရောင်နုနုလေးတွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ အရောင်နုပြောင်သက်သက်ချည်းမဟုတ်ဘဲ အနုပြောင်အပေါ်မှာ အရောင်ရင့် အပွင့်အကွက် လေးတွေပါတဲ့ ဒီဇိုင်းလေးတွေကိုသာ ရွေးချယ်သင့်ပါတယ်။
ခဲရောင်၊ မီးခိုးရင့်ရောင်
ခဲရောင်နဲ့ မီးခိုးရင့်ရောင်တို့ကလည်း ညိုချောလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ ခဲရောင်ကို ရွေးချယ်မယ်ဆိုရင် အောက်ပိုင်းကို အရောင်တောက်တာလေးနဲ့ တွဲဝတ်စေချင်ပါတယ်။ မီးခိုးရင့်ရောင်ကို ရွေးချယ်မယ်ဆိုရင်တော့ အဲဒီအရင့်အပေါ်မှာ ရွှေရောင်လေးတွေပါ တွဲဖက်ပါတဲ့ဒီဇိုင်းမျိုးကို ရွေးချယ်ပေးပါနော်။ အသားရောင် (Nude Colour) တွေကိုလည်း ရွေးချယ်နိုင်တယ်ဆိုပေမယ့် အရောင်ရင့်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေနဲ့ ဝတ်ဆင်မယ်ဆိုရင် ပိုပြီးလိုက်ဖက်တာကို တွေ့ရပါလိမ့်မယ်။