
မင်္ဂလာပါ ပျိုမေတို့ရေ။ ပိန်သူ၊ ဝသူမရွေး ခါးဘေးအဆီထွက်တတ်ပါတယ်နော်။ ခါးဘေးမှာ အဆီရှိနေတာက သင့်ကို ခါးတိုနဲ့ ကိုယ်ကျပ်အဝတ်အစားတွေဝတ်ဖို့ မဝံ့မရဲဖြစ်စေတဲ့အပြင် အဆီစုလာတဲ့အခါ ကျန်းမာရေးကိုပါ ထိခိုက်နိုင်တာမို့ ခါးဘေးအဆီချပေးဖို့ကလည်း အရေးကြီးပါတယ်။ များသောအားဖြင့် အဆီတက်စေတဲ့ အစားအသောက်တွေနဲ့ လိုအပ်တဲ့ကယ်လိုရီထက်ပို စားမိတာတွေကတစ်ဆင့် ခါးမှာအဆီစုလာတတ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းပုံမှန်မလုပ်တာကလည်း ခါးအဆီစုရတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာ ခါးဘေးအဆီတွေကျဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
Bicycle Crunch

ခန္ဓာကိုယ်လှဲချပြီး လက်နှစ်ဖက်ကိုခေါင်းနောက်မှာတင်ပါ။
ခြေထောက်တွေကို မ ပြီး တစ်ဖက်ဒူးနဲ့ ဆန့်ကျင်ဘက်တံတောင်ကိုထိအောင် ၉၀ ဒီဂရီကွေးပေးရပါမယ်။
မကွေးတဲ့တစ်ဖက်ကို ဆန့်ထုတ်ကာ ဒီပုံအတိုင်း ဘက်ပြောင်းပြီး ထပ်ခါထပ်ခါလုပ်ပေးပါ။
ဗိုက်ကြွက်သားတွေကိုတင်းကာ ဖြေးဖြေးချင်း တစ်မိနစ်ခန့်လုပ်ပေးပါနော်။
Side Plank

ဘေးတစ်စောင်းလှဲကာ ခြေထောက်ဆန့်ပြီး ခြေဖျားနဲ့ တံတောင်တစ်ဖက်ထောက်ထားပါ။
ကျန်တဲ့လက်တစ်ဖက်ကို ခေါင်းနောက်မှာထားပြီး ထောက်ထားတဲ့လက်နားကို ကွေးပေးရပါမယ်။
ဗိုက်ကြွက်သားတွေတင်းကာ ခန္ဓာကိုယ်ဟန်ချက်ညီအောင်ထိန်းထားပြီး ပြုလုပ်ပေးပါ။
ဒီပုံအတိုင်း ဘက်ပြောင်းပြီး တစ်ဖက်ကို စက္ကန့် ၃၀ ခန့်လုပ်ပေးရပါမယ်။
Mountain Climber

Plank ထောက်မယ့်အနေအထားအတိုင်း ကြမ်းပြင်မှာ ခြေထောက်နဲ့ လက်ထောက်ကာ ရှေ့ကို ဒူးအကွေးအဆန့်လုပ်ပေးရပါမယ်။
ဒူးတစ်ဖက်ချင်း ရင်ဘက်နားထိရောက်အောင်ကွေးပြီး ဗိုက်ကြွက်သားတွေကို တင်းထားပေးပါ။
ဒူးအကွေးအဆန့် စက္ကန့် ၃၀ နှစ်ကြော့ခန့်ရအောင် ပြုလုပ်ပေးပါ။
Russian Twist

ခြေဖနောင့်ထောက်ကာ ဒူးအနည်းငယ်ကွေးထိုင်ပြီး အလေးတုံးတစ်တုံးကိုင်ထားပါ။
ခန္ဓာကိုယ်မလှဲကျအောင် ဗိုက်ကြောတွေတင်းထားပြီး အလေးတုံးကိုင်ကာ ဟိုဘက်ဒီဘက်လှည့်ပေးရပါမယ်။
စက္ကန့် ၂၀ ရအောင်ပြုလုပ်ပေးပါ။
Woodchop

အလေးတုံးတစ်တုံး (သို့) ဘောလုံးတစ်လုံးကို လက်နှစ်ဖက်နဲ့စုကိုင်ကာ အပေါ်အောက် တစ်စောင်းလွှဲပေးပါ
အောက်ချတဲ့အခါ ဒူးကိုပါကွေးလိုက်ရပါမယ်။
ခါးမကုန်းစေဘဲ ဒီပုံအတိုင်းဘက်ပြောင်းကာ တစ်ဖက်ကို စက္ကန့် ၂၀ ခန့်လုပ်ပေးပါ။
Photo Source: Pinterest
By MyStyle Myanmar