ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ နေလောင်ဒဏ်ကြောင့်အသားအရေပျက်စီးတဲ့ ပြဿနာက မကြာခဏဆိုသလို တွေ့ရမြင်ရ၊ ကြားနေရပါတယ်။ ကမ်းခြေသွားပြီး ပြန်လာလို့အသားတွေ မည်းလာတယ်၊ သြင်္ကန်မှာ ရေကစားပြီးလို့အသားတွေ ပပ်ပြီး ပျက်စီးသွားတယ်၊ နေပူထဲအကာအကွယ်မပါဘဲ ထွက်ပြီး ပြန်လာတော့အသားက နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာတယ်၊အစရှိသဖြင့် ပြဿနာကတော့အစုံပါပဲ။ ဒီလိုနေလောင်တဲ့အထဲမှာ နှုတ်ခမ်းကတော့ ဘေးကင်းမယ်ထင်ရင် မှားသွားပါလိမ့်မယ်။ မျက်နှာအရေပြားလိုပဲ တော်တော်လေး နူးညံ့ပြီး ထိခိုက်ပျက်စီးလွယ်တာကြောင့် နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ ဒဏ်ကိုအလွယ်တကူ ခံရနိုင်တဲ့အထဲမှာ နှုတ်ခမ်းလည်း ပါပါတယ်။
နှုတ်ခမ်းက နေလောင်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ။
အသားအရေမှာ နေလောင်ရင် တွေ့ရတဲ့ လက္ခဏာတွေလိုပါပဲ။ နှုတ်ခမ်းက ပုံမှန်ထက်ပိုပြီး နီရဲနေတာ၊ ဖူးရောင်နေသလို၊ ထိမိလိုက်ရင် ပျော့အိအိလေးနဲ့ စပ်ဖျဉ်းဖျဉ်း၊ ပူစပ်ပူလောင် ဖြစ်သလို ခံစားရတာ၊အရည်ကြည်ဖုလေးတွေ ပေါက်နေတဲ့ လက္ခဏာတွေကို တွေ့ရပြီဆိုရင် နေလောင်တာ ဖြစ်ဖို့ သေချာသွားပါပြီ။
ဆရာဝန်နဲ့ ပြသဖို့ လိုအပ်လား။
ပုံမှန်ဆိုရင် သူ့အလိုလို သက်သာသွားဖို့ ၃ရက်ကနေ ၅ရက်လောက်ပဲ ကြာနိုင်တဲ့အတွက် စိုးရိမ်စရာအခြေအနေတစ်ခုတော့ ပြောလို့ မရပါဘူး။ ဒီလိုမှမဟုတ်ဘဲ နှုတ်ခမ်းက ဆိုးဆိုးရွားရွား ရောင်ကိုင်းလာတာ၊ လျှာတွေပါ ရောင်လာတာ၊အနီကွက်တွေ ထလာတာ၊အစာစားဖို့၊ ရေသောက်ဖို့၊ စကားပြောဖို့အခက်အခဲ ဖြစ်နေတာ၊ ပါးစပ်ပါ ဖွင့်လို့မရတော့တဲ့အထိ ပြင်းထန်လာပြီဆိုမှ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။ ဒီလိုအခြေအနေတွေ မတွေ့ရဘူးဆိုရင်တော့အိမ်တွင်းနည်းလမ်းတွေနဲ့ ခံစားနေရတဲ့ ဝေဒနာကို သက်သာစေဖို့နဲ့အမြန်ဆုံး ပျောက်ကင်းသွားဖို့ ကုသပေးလို့ ရပါတယ်။
နှုတ်ခမ်းနေလောင်တာကို သက်သာစေမယ့်အိမ်တွင်းနည်းလမ်းတွေ
၁။ ရေခဲဝတ်ကပ်ပေးပါ။
နေလောင်ဒဏ်အတွက်အကောင်းဆုံးကုထုံးကို ပြောပါဆိုရင် ရေခဲဝတ်ကပ်ပေးတာပါပဲ။အရေပြားအတွင်းမှာ ငုပ်နေတဲ့အပူတွေကိုအပြင်ထွက်လာစေပြီး ခန္ဓာကိုယ်ကိုအေးမြစေတယ်။ နှုတ်ခမ်းနီရဲတာကို သက်သာစေပြီးအရောင်ကျစေပါတယ်။ ရေခဲဝတ်မရှိရင်လည်းအဝတ်သန့်သန့်လေးကို ရေအေး သို့မဟုတ် ရေခဲရေနဲ့ စိမ်ပြီး ကပ်ထားပေးလို့ ရတယ်နော်။ နေပူထဲက ပြန်လာပြီးပြီးချင်းတော့ နှုတ်ခမ်းကို ရေခဲဝတ်မကပ်ဖို့တော့ သတိထားရမယ်နော်။ ဘာကြောင့်လဲဆိုတော့ နှုတ်ခမ်းသားအတွင်းက တစ်သျှူးတွေကို ပိုပြီး ထိခိုက်ပျက်စီးသွားစေနိုင်တာကြောင့်ပါ။
၂။အရေပြားကိုအေးမြစေတဲ့အိမ်တွင်းပစ္စည်းလေးတွေ
ရေခဲဝတ်ကိုအသုံးမပြုချင်ဘူးဆိုရင်လည်း ကိုယ့်အိမ်မှာအမြဲဆောင်ထားနေကျ စားစရာလေးတွေကိုအသုံးပြုလို့ ရတယ်နော်။အာလူးလေးကို ပါးပါးလေးလှီးပြီးဖြစ်စေ၊ ဆလတ်ရွက်၊အသုံးပြုပြီးသား လက်ဖက်ခြောက်အထုပ်လေးတွေကို ရေအေးအေးထဲမှာ စိမ်ထားပြီး နေလောင်ထားတဲ့ နှုတ်ခမ်းပေါ်မှာအုပ်ထားလို့ ရတယ်နော်။
၃။ ရှားစောင်းလက်ပပ်
အသားအရေအတွက် နတ်ဆေးတစ်ပါး ရှားစောင်းလက်ပပ်က ရတဲ့အနှစ်လေးတွေကို နေလောင်ဒဏ်ကုသတဲ့ နေရာမှာလည်းအသုံးပြုပေးလို့ ရပါတယ်။ စပ်ဖျဉ်းဖျဉ်းဖြစ်နေတာ၊ နီရဲပြီး ရောင်ရမ်းနေတာ၊ ပူစပ်ပူလောင် ဖြစ်နေတာကို သက်သာစေတယ်။အရေပြားအတွင်းထဲထိအစိုဓာတ် စိမ့်ဝင်သွားစေပြီးအေးမြစေတယ်။ နှုတ်ခမ်းကို နဂိုအသားအရောင်အတိုင်း ပြန်လည် ပန်းရောင်သမ်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။
၄။ နီရဲရောင်ရမ်းတာ သက်သာစေတဲ့ ဆေးဝါးတွေ
ဆေးဆိုင်တွေမှာ နာကျင်မှုနဲ့အရေပြားနီရဲတာကို သက်သာစေဖို့ ibuprofen ဆေးဝါးတွေကိုအလွယ်တကူ မေးဝယ်ပြီး သောက်လို့ ရပါတယ်။ သူတို့ရဲ့အားသာချက်ကတော့အရေပြားကအတွင်းကနေပြီး ပြန်လည်ကုစားပေးကာ နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေတာပါပဲ။
၅။အစိုဓာတ်ထိန်းပေးနိုင်တဲ့ ဆီတွေ
သဘာဝအုန်းဆီ၊ သံလွင်ဆီတွေမှာ ပါဝင်တဲ့ ဗီတာမင်အီး ဟာ နေလောင်ခံထားရတဲ့အရေပြားအတွက် မရှိမဖြစ်အာဟာရပါပဲ။ ဒါ့အပြင် နေလောင်ဒဏ်ကို သက်သာစေဖို့အရေပြားကိုအစိုဓာတ်ထိန်းပေးနိုင်ပြီးအေးမြစေပါတယ်။ ဆီတွေကို သုံးပေးတဲ့အခါမှာအများကြီး မသုံးဖို့တော့ နည်းနည်း ဂရုစိုက်ပေးပါနော်။ ကိုယ်လိုသလောက် နည်းနည်းလောက်ကိုပဲ ယူပြီး နှုတ်ခမ်းပတ်ပတ်လည်ကို သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။
နှုတ်ခမ်းသား နေလောင်မခံရစေဖို့ ဘယ်လိုဂရုစိုက်မလဲ။
အရေပြားကို နေလောင်ကာလိမ်းဆေး လိမ်းသလိုပဲ နှုတ်ခမ်းကိုလည်း နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်အပြင်မထွက်ခင် နာရီဝက်လောက် ကြိုတင်ပြီး နှုတ်ခမ်းလိမ်းအဆီ (Lip Balm) ကို လိမ်းပေးရမယ်နော်။ ယောက်ျားလေးရော၊ မိန်းကရော သုံးလို့ ရပါတယ်။ မိန်းကလေးတွေဆိုရင်တော့ နှုတ်ခမ်းလိမ်းအဆီကိုအရင်လိမ်းပြီးမှ နှုတ်ခမ်းနီကို ဆိုးပေးတာ ပိုကောင်းပါတယ်။ တတ်နိုင်ရင် မနက် ၁၀နာရီကနေ ညနေ ၄နာရီအတွင်း ပူလွန်းတဲ့အချိန်တွေအပြင်ထွက်တာကို ရှောင်ပေးပါ။အပြင်ထွက်တိုင်း ထီးနဲ့ ဦးထုပ်ကို ဆောင်းပေးဖို့လည်း မမေ့ပါနဲ့နော်။အားလုံးပဲ နွေနေပူပူကိုအန်တုရင်း သာယာလှပတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။
ရေးသားသူ – Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win