အမေကခေါ်နေရင် ရေမချိုးချင်လို့ ပတ်ပြေးခဲ့တဲ့အဖြစ်တွေ ၊ ခေါင်းလျှော်ပေးမှာကြောက်လို့အော်ငိုခဲ့ရတာတွေ ငယ်ငယ်ကကြုံဖူးခဲ့သူတွေရှိမှာပါ။ ကလေးအတော်များများက ရေချိုးရတာပျော်တယ်ဆိုရင်တောင်မှ ခေါင်းလျှော်တဲ့အခါ သူတို့ရဲ့မျက်နှာကိုရေစိုတာ၊ ခေါင်းကိုရေလောင်းတာမကြိုက်ကြပါဘူး။ မွေးကင်းစအရွယ်ဆို ကလေးကငြင်းဆန်ရင်တောင် လုပ်ပေးရလွယ်ပေမယ့် နည်းနည်းကြီးလာတဲ့အခါ တစ်နှစ်ဝန်းကျင်ကလေးတွေဆို ခေါင်းလျှော်ကာနီးတိုင်း တိုက်ပွဲဝင်ရတာမိဘတွေရဲ့အခက်အခဲတစ်ခုပါ။ တချို့က စည်းရုံးရလွယ်ပေမယ့် တချို့က အကြောက်အကန် ငိုယိုရုန်းကန်တာ၊ ပတ်ပြေးနေတာတွေရှိပါတယ်။ ဒါတွေဟာ ကလေးက -
အရင်တခေါက်က မျက်လုံးထဲ ဒါမှမဟုတ် ပါးစပ်ထဲကို ခေါင်းလျှော်ရည်ဝင်ခဲ့ဖူးတယ်ဆိုရင်
ရေကြောက်တတ်ရင်
ခေါင်းလျှော်ပေးတဲ့ပုံစံအနေအထားကိုမကြိုက်ရင်
ခေါင်းလျှော်ရမှာကို မကြိုက်တာမျိုး ဖြစ်ရင် စတဲ့အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဒီတော့ ခေါင်းလျှော်ပေးရခက်တဲ့ကလေးရဲ့ မိဘတွေအနေနဲ့ အောက်မှာဖော်ပြတဲ့အထဲက နည်းလမ်းတစ်ခုခုကို သုံးလို့ရပါတယ် - (၁) ခေါင်းခဏခဏမလျှော်ပေးပါနဲ့ ကလေးကိုရေချိုးပေးတိုင်း ခေါင်းလျှော်ပေးဖို့မလိုပါဘူး။ ကလေးဆံသားက သိပ်ညစ်ပေမှာမဟုတ်တာကြောင့် တစ်ပတ်တစ်ကြိမ်ဆို သူတို့အတွက် လုံလောက်ပါတယ်။ရက်နည်းနည်းခြားပေးခြင်းအားဖြင့် ခေါင်းလျှော်ရတဲ့စိတ်ဒုက္ခကို ကလေးကမေ့သွားလောက်ပါတယ်။ (၂) ကလေးကို ကိုယ်တိုင်လုပ်ခွင့်ပေးပါ ကလေးကိုခေါင်းလျှော်ပေးသင့် မပေးသင့်ဆိုတာထက် ဘယ်လိုရအောင်လျှော်ပေးမလဲဆိုတာကိုအဓိကထားပါ။ ကလေးက ခေါင်းလျှော်ရည်ကို ကိုယ်တိုင်လက်နဲ့ယူပြီး လျှော်ခွင့်ရရင် ပိုပျော်လာနိုင်ပါတယ်။ ရေစချိုးကတည်းက ခေါင်းလျှော်ပေးပါ။ရေချိုးရင်း၊ ရေချိုးဇလုံထဲကစားရင်း ပျော်နေမယ်ဆိုရင် တစ်ကိုယ်လုံးရော ဆံပင်ရော လျှော်ပြီးချိန်အထိ သူပျော်ရွှင်နေမှာပါ။ (၃) ဘာကြောင့် မလျှော်ချင်တာလဲဆိုတာ သိအောင်လုပ်ပါ ကလေးက စကားပြောတတ်နေပြီဆိုရင် ခေါင်းလျှော်တဲ့အချိန် သူဘာကိုစိတ်အရှုပ်ဆုံးလဲဆိုတာ မေးကြည့်လို့ရပါပြီ။မျက်နှာပေါ် ရေကျတာမကြိုက်တာ ဒါမှမဟုတ် ခေါင်းလျှော်ရည်သုံးတဲ့အခါ ခေါင်းကို ပွတ်တာလျော်တာကိုမကြိုက်တာလည်းဖြစ်နိုင်ပါတယ်။ ဘာကြောင့် မလျှော်ချင်တာလဲဆိုတဲ့အကြောင်းရင်းကိုသိပြီဆိုရင် ဖြေရှင်းဖို့ကြိုးစားကြည့်နိုင်ပြီလေ။ ကလေးက ခေါင်းကိုရေလောင်းချတာမကြိုက်ဘူးဆိုရင် မျက်နှာပေါ်စီးမကျအောင် ရေပိုက်လေးနဲ့ခပ်ဖြည်းဖြည်းဆံပင်ကိုဆေးပေးနိုင်ပါတယ်။ ရေချိုးဇလုံထဲ ပက်လက်လေးမှီလျက်နေမယ်ဆိုရင်တော့ လျှော်ရပိုလွယ်ကူစေပါတယ်။ (၄) အရုပ်ကိုလည်း လျှော်ပေးပါ ရေချိုးတဲ့အခါ သူ့ကစားဖော်အရုပ်လေးကိုပါ ခေါင်းလျှော်ခိုင်းလိုက်ပါ။ အရုပ်ကို သူလျှော်ပေးနေတဲ့အချိန် ကိုယ်ကလည်း သူ့ကို ခေါင်းလျှော်ပေးပါ။ အရုပ်ကိုခေါင်းလျှော်ပေးတဲ့အချိန် သူလုပ်တဲ့အတိုင်းကိုယ်က လိုက်လျှော်ပေးရုံပါပဲ။ (၅) ပျော်စရာဖန်တီးပါ ရေချိုးတဲ့အခါ ကလေးကို အိတ်ဆောင်မှန်အသေးလေးတစ်ခုပေးထားပြီး ခေါင်းလျှော်လက်စဆံပင်မှာ အမြှုပ်ကိုပုံစံအမျိုးမျိုးလုပ်ပေးပါ။ ဥပမာ - အမြှုပ်နဲ့ဆံပင်ကို ချိုလေးတွေ၊ အလိပ်လေးတွေ၊ နားရွက်ပုံလေးတွေ စသည်ဖြင့် ကလေးကြိုက်မယ့် ပုံစံလေးတွေလုပ်ပြီး မှန်မှာပြပေးပါ။ အာရုံစိုက်ရင်း၊ ကြည့်ရင်းနဲ့ကို ခေါင်းလျှော်ပြီးသားဖြစ်သွားမှာကို သူသတိထားမိလိုက်မှာမဟုတ်ပါဘူး။ (၆) အာရုံပြောင်းပါ ရေချိုးခန်းအပေါ်မျက်နှာကြက်မှာ ရယ်စရာကောင်းတဲ့ရုပ်ပုံ သို့မဟုတ် လှုပ်တုပ်တုပ် အရုပ်တစ်ခုခုချိတ်ဆွဲထားပါ။ ခေါင်းလျှော်နေတဲ့ကိစ္စကနေ သူအာရုံပြောင်းသွားစေမယ့်အရာတစ်ခုခုပေါ့။ သီချင်းတစ်ခုခုကိုကျယ်ကျယ်ဆိုနေတာမျိုးကလည်း အာရုံပြောင်းတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ်။ လက်ကလေး၊ ခြေထောက်လေးတွေကို ရေချိုးပေးရင်းလည်း တစ်ခုချင်းအသံထွက်ပြီးစကားပြောပေးမယ်ဆိုရင် တစ်ကိုယ်လုံးရေချိုးပြီးတဲ့အခါ သင်သာလက်မြန်ခဲ့ရင် ခေါင်းတခါတည်းလျှော်လိုက်လို့ရပါတယ်။ ခေါင်းလျှော်နေတဲ့အချိန် မျက်နှာကြက်ကအရုပ်တွေကို ကြည့်ဖို့ ကလေးကို သတိပေးပါ။ ကလေးက မော့ကြည့်နေမယ်ဆိုရင် ရေရော ခေါင်းလျှော်ရည်ရော မျက်နှာပေါ်မကျတော့ဘဲ၊ မျက်လုံးထဲမဝင်တော့ဘဲ အေးဆေးဖြစ်သွားပါလိမ့်မယ်။တစ်ကြိမ်အဆင်ပြေသွားခဲ့ရင် နောက်တစ်ခါလျှော်ဖို့ ကလေးကကြောက်တော့မှာမဟုတ်ပါဘူး။ တခါတခါကျရင် ရေလောင်းချချိန်မှာ မိုးတွေရွာလာလာသလိုလို လည်းလှည့်စားနိုင်ပါတယ်။ တကယ်တော့ ဘယ်နည်းကိုပဲ သုံးသုံး ကလေးစိတ်ကျေနပ်ဖို့က အဓိကပါပဲ။ကိုယ့်ကလေးရဲ့အကြိုက်ကိုလိုက်ပြီး အဆင်ပြေမယ့်နည်းလမ်းကို သုံးနိုင်ပါတယ်။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။