ဆံပင်ရှည်သူတွေပဲနားလည်နိုင်တဲ့ ပြဿနာရပ်တွေ
shweinnlay.com
|
2019-11-01



မိန်းကလေးတစ်ယောက်အတွက် ရှည်လျားလှပတဲ့ ဆံနွယ်တွေက တကယ့်ကိုမြတ်နိုး တန်ဖိုးထားစရာကောင်းတဲ့ အရာပါ။ ဆံပင်ရှည်ရှည်လေးနဲ့ဆိုရင် မြင်ရသူအဖို့ နန်းဆန်ပြီး လှနေတတ်ပေမယ့် ကိုယ်တိုင်ဆံပင်ရှည်ကြီးကို ထိန်းသိမ်းဖို့ ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဆံသားကျန်းမာဖို့အတွက် အားဖြည့်ရတယ်၊ ဆံသားထိန်းသိမ်းမှုတွေ ပြုလုပ်ရတယ်၊ ဆံပင်မပျက်စီးစေဖို့အတွက် သေချာဂရုစိုက်ရပါတယ်။ ဒါ့ကြောင့် ဆံပင်ရှည်ရင်လှတယ်လို့ ခံယူထားကြပေမယ့်လည်း ဆံပင်အရှည်ထားတဲ့သူသာ နားလည်နိုင်တဲ့ ပြဿနာလေးတွေ ှရှိနေပါတယ်။


(၁) နေရာတိုင်းမှာဆံပင်ကျွတ်တွေ

ဟိုနေရာမှာလည်း ဆံပင်အဆုပ်လိုက်၊ ဒီနေရာမှာလည်း ဆံပင်အဆုပ်လိုက်နဲ့ နေရာတကာ ဆံပင်ကျွတ်တွေကို လိုက်သိမ်းနေရတတ်ပါတယ်။ ခေါင်းလျှော်ပြီးလို့ ခေါင်းဖြီးလိုက်တဲ့အချိန်ဆို ပိုဆိုးပါတယ်။ ဆံပင်ကျွတ်လို့ စိတ်ညစ်ရတာကလည်း ဆံပင်ရှည်တဲ့သူတွေရဲ့ ပြဿနာပါပဲ။


(၂) နွေရာသီမှာဒုက္ခရောက်ပါတယ်

ပူလွန်းတဲ့ရာသီဥတုမှာ ဆံပင်ရှည်တဲ့သူတွေက သူများတွေလို လှတပတလေး ဆံပင်ချထားလို့ မရပါဘူး။ ချွေးတွေနဲ့ ရွှဲနေတဲ့ ဆံပင်ရှည်ကြီးကို စည်းရတာကလည်း အလုပ်တစ်လုပ်ပါပဲ။ ဆံပင်ရှည်ကြီးကြောင့် ပိုအိုက်သလိုခံစားရတတ်ပြီး တစ်နေကုန်ဆံပင်စည်းထားရတဲ့အတွက် ခေါင်းကိုက်တာ၊ စိတ်မကြည်တာမျိုးကိုလည်း ကြုံတွေ့ရပါတယ်။


(၃) အချိန်ပိုကုန်တယ်

သွားခါနီးလာခါနီးဆိုရင် ဆံပင်ကစေးကပ်ကပ်ဖြစ်နေလို့ အမြန်လျှော်လိုက်တာမျိုးကို ဆံပင်တိုတဲ့သူတွေကသာ ပြုလုပ်လို့ ရတာပါ။ ဆံပင်ရှည်တဲ့သူတွေကတော့ ခေါင်းလျှော်ဖို့အတွက်ကို အချိန်သီးသန့်ပေးရပြီး သေချာဖြီးသပ်ရပါသေးတယ်။ ဆံပင်အခြောက်ခံစက်နဲ့ လေမှုတ်မယ်၊ ခေါင်းဖြီးမယ်စတာတွေအတွက် အချိန်ပိုပေးရပါတယ်။


(၄) အစားစားချိန်မှာ မလွတ်လပ်ဘူး

အစားအသောက်တစ်ခုခုစားတဲ့အခါမှာ ဆံပင်နားပေကျံသွားတာမျိုးဖြစ်ဖူးလား။ ဒါဆိုရင်တော့ သင်ကဆံပင်အရှည်ပိုင်ဆိုင်ထဆံထားတဲ့ သူပါပဲ။ စားနေတဲ့ ပန်းကန်ထဲ ဆံပင်မွှေးကျတာတွေ၊ ဟင်းတွေပေကျံသွားတာမျိုးက ဆံပင်ရှည်တဲ့သူတွေကြုံတွေ့ရတဲ့ ကိစ္စရပ်တွေပါ။ ဒါ့ကြောင့်မို့လို့ ဒီလိုဆံပင်ကြောင့် အစားအသောက်စားတဲ့အခါမှာ မလွတ်လပ်တော့ပါဘူး။


(၅) ဆံပင်တွေကိုရှင်းလင်းရတယ်

လေတိုက်တဲ့နေရာ၊ လေကြမ်းတဲ့နေရာတွေက ဆံပင်ရှည်တဲ့သူတွေအတွက် စိတ်ကသိကအောက်အဖြစ်ရဆုံးပါပဲ။ လေတစ်ချက်ဝှေ့လိုက်တိုင်း ဆံပင်တွေရှုပ်ပွသွားပြီး ပြန်လည်ဖြီးသပ်ရတာကအမော၊ လေတိုက်တဲ့အချိန် ဆံပင်တွေမျက်နှာကို တစ်ချက်လာရိုက်လိုက်တိုင်း မျက်နှာစပ်ဖျင်းဖျင်းဖြစ်ရတဲ့ အခိုက်အတန့်မျိုးလည်း ကြုံတွေ့ရတတ်ပါတယ်သေးတယ်။


(၆) ဖယောင်းတိုင်မီးနဲ့ ပြဿနာ

မွေးနေ့ပွဲမှာ ဖယောင်းတိုင်မီးမှုတ်ဖို့အတွက် ကြောက်ရွံ့နေရတတ်ပါတယ်။ ဆံပင်မီးလောင်မှာကို စိုးရိမ်ပြီး မီးနားကို မကပ်ရဲလောက်အောင် ဖြစ်ရပါတယ်။ ဘုရားမှာ ဆီမီးပူဇော်ရင်တောင် ဆံပင်ကိုပဲ စိတ်အာရုံရောက်နေတတ်တာမျိုး ဆံပင်ရှည်တဲ့သူတွေတိုင်းသာ နားလည်နိုင်ပါတယ်။


နန်း(ရွှေအင်းလေး)


#ဆံပင်ရှည်
#ဆံပင်
#ဆံပင်ကျွတ်
#အဆုပ်
#ဖယောင်းတိုင်

Some text some message..