
စင်ကာပူရှိ ဘီယာချက်စက်ရုံတစ်ခုမှ ဘီယာအမျိုးအစားအသစ်တစ်မျိုးထွက်ရှိလာပါတယ်။ အဲ့ဒီဘီယာမှာ အလွန်ထူးခြားတဲ့ ပါဝင်ပစ္စည်းများပါဝင်ပြီး New Brew ဘီယာ လို့ခေါ်ပါတယ်။ New Brew ဘီယာကို မိလ္လာအညစ်အကြေးများမှ ပြန်လည်သန့်စင်ထားတဲ့ အရည်များမှ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

စင်ကာပူရဲ့ ရေသန့်လုပ်ငန်းတစ်ခုဖြစ်တဲ့ PUB နဲ့ Brewerkz ဘီယာချက်စက်ရုံတို့ ပူးပေါင်းကာ New Brew ဘီယာကို မိတ်ဆက်ထုတ်လုပ်ခဲ့တာဖြစ်ပြီး စင်ကာပူရှိဆိုင်များနဲ့ ဘားများမှာ ဝယ်ယူနိုင်ပြီပဲဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ ရေရှားပါးမှုပြဿနာများကို သတိပြုမိစေရန်နဲ့ အဲ့ဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ဆန်းသစ်တဲ့နည်းလမ်းများကို မြှင့်တင်ဖို့အတွက် ရည်ရွယ်ပြီး New Bew ဘီယာကို ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

New Brew ရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ အဓိကပါဝင်ပစ္စည်းက မိလ္လာရည်မှ ပြန်လည်သန့်စင်ထားတဲ့ NEWater လို့ခေါ်တဲ့ ရေတွေပဲဖြစ်တာကြောင့် New Brew ဘီယာဟာ စင်္ကာပူရဲ့ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ကို ဦးစားပေးတဲ့ ဘီယာများထဲမှာ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ NEWater ကို တင်းတင်းကျပ်ကျပ် စမ်းသပ်စစ်ဆေးမှုများနဲ့ အကြိမ်ပေါင်းများစွာ စစ်ထုတ်ကာ ဘေးကင်းစွာ သောက်သုံးလို့ရအောင် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

New Brew ထဲမှာ NEWater ၉၅ ရာခိုင်နှုန်းပါရှိပြီး ပရီမီယန် ဂျာမန် မုယောစပါး၊ ရနံ့မွှေးတဲ့ ရှောက်သံပုရာနဲ့အတူ နော်ဝေး တဆေးများပါဝင်တာကြောင့် ချောမွေ့ကာ ပျားရည်နဲ့တူတဲ့အရသာရှိမယ်လို့ Brewerkz နဲ့ PUB ကုမ္ပဏီတို့ကပြောပါတယ်။