မိခင်ကြီးရဲ့ ကျိန်စာကြောင့် ပင်လယ်ထဲ ကျောက်တုံးဖြစ်သွားတဲ့ မလင်ကန်ဒန်
mmload.com
|
2022-07-14

အင်ဒိုနီးရှားနိုင်ငံမှာ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ အထင်ကရ ပုံပြင်လေးတစ်ပုဒ်ရှိခဲ့ပါတယ်။ အဲ့တာကတော့ သူဌေးဖြစ်လာပြီးနောက် မွေးမိခင်ကို အသိအမှတ်မပြုချင်တော့တဲ့ သားဖြစ်သူကို ကျောက်တုံးဖြစ်အောင် ကျိန်စာတိုက်ခဲ့တဲ့ အကြောင်းပါ။ မြို့တော် ပဒါန်းမြို့ အနောက်ဆူမာထရာရှိ Ail air manis ကမ်းခြေမှာ မြင်တွေ့ရတဲ့ ကျောက်တုံးတွေက အဆိုပါ ပုံပြင်ထဲက ကျိန်စာတိုက်ခံထားရတဲ့ သင်္ဘောနှင့် ကောင်လေး မလင်ကန်ဒန် တို့ ဖြစ်တယ်လို့ အဲ့ဒီက ဒေသခံတွေက ယုံကြည်ထားကြပါတယ်။


ဒီဖြစ်ရပ်ကတော့ ရှေးခေတ်က အနောက်ဆူမားတြားကမ်းခြေမှာရှိတဲ့ ရွာလေးတစ်ရွာမှာ မလင်ကန်ဒန် အမည်ရှိတဲ့ ကောင်းလေးတစ်ယောက်ဟာ မိခင်နှင့်အတူ နေထိုင်ခဲ့ပါတယ်။ မလင်ကန်ဒန်ရဲ့ ဖခင်ကတော့ သူ့မွေးကင်းစကလေးဘဝကတည်းက ကွယ်လွန်သွားရှာခဲ့တာဖြစ်လို့ မိခင်ကြီးနှင့်အတူ ဘဝကိုခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရပါတယ်။


မလင်ကန်ဒန်က ခန္ဓာကိုယ်ထွားကျိုးပြီး သန်မာတဲ့ လူငယ်တစ်ယောက်ပါ။ အများသောအားဖြင့် သူပင်လယ်ထဲက ငါးရှာပြီးပြန်လာတိုင်း မိခင်ကြီးကိုခေါ်ပြီး မြို့ထဲမှာ သွားရောင်းလေ့ရှိပါတယ်။ တစ်နေ့မှာတော့ မလင်ကန်ဒန်ဟာ ပင်လယ်ထဲမှာ ခါတိုင်းလို ငါးရှာနေရင်း ပင်လယ်ဓားပြငယ်တစ်စုက ကုန်သည်သင်္ဘောတစ်စင်းကို ဝင်ရောက်စီးနင်းနေတာကို သူတွေ့ခဲ့ရပါတယ်။ အဲ့ဒီမှာ သူ့ရဲ့ ရဲစွမ်းသတ္တိနှင့် ခွန်အားဖြင့်ထုတ်သုံးပြီး ပင်လယ်ဓားပြများကို အနိုင်ယူခဲ့ကာ ကုန်သည်တွေကို ကယ်တင်ပေးခဲ့ပါတယ်။


ကုန်သည်တွေက သူတို့ကို ပင်လယ်ဓားပြတွေဆီကနေ ကယ်တင်ပေးခဲ့လို့ ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ မလင်ကန်ဒန်ကို သူတို့နဲ့အတူ ရွက်လွှင့်ပြီးလိုက်ခဲ့ဖို့ ခေါ်သွားခဲ့ပါတယ်။ နှစ်အတန်ကြာသွာတဲ့အခါမှာတော့ မလင်ကန်ဒန်ဟာ သင်္ဘောကြီးများ၊ ကုန်ပစ္စည်းအမြောက်အမြား၊ သင်္ဘောသားများစွာအပြင် ဇနီးချောလေးတစ်ဦးတို့ပါ ပိုင်ဆိုင်ပြီး ချမ်းသာကြွယ်ဝတဲ့ ကုန်သည်ကြီးတစ်ဦးဖြစ်လာခဲ့ပါတယ်။


တစ်နေ့မှာ ကုန်သည်ကြီးဖြစ်လာတဲ့ မလင်ကန်ဒန်ဟာ ဇနီးချောလေးနှင့်အတူ အမှူထမ်းအများပြားဖြင့် သူနေထိုင်ခဲ့တဲ့ ရွာလေးရှိရာ ကမ်းခြေကို သင်္ဘောရွက်လွှင့်ပြီး ရောက်ရှိလာခဲ့ပါတယ်။အဲ့အချိန်မှာ ရွာသူရွာသားတွေက မလင်ကန်ဒန်ဖြစ်နေကြောင်း မှတ်မိသွားပြီး သတင်းက အချိန်ခဏလေးအတွင်းမှာဘဲ တစ်ရွာလုံး ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ သားဖြစ်သူ ပင်လယ်ထဲမှာ သေသွားပြီလို့ ထင်ပြီး နေ့စဉ်ဝမ်းနည်းပူဆွေးနေရတဲ့ မိခင်က သားရဲ့ သတင်းလည်း ကြားရော မယုံနိုင်စရာဖြစ်သွားခဲ့ပါတယ်။


အဲ့ဒီနောက် သားဖြစ်သူကို တွေ့ချင်လွန်းလို့ သင်္ဘောဆိုက်ကပ်ထားတဲ့ ကမ်းခြေကို အပြေးအလွှား သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းတာက သားလုပ်သူ မလင်ကန်ဒန့်က ညစ်ပတ်နေတဲ့ မိခင်ကြီးကိုတွေ့ပြီး ရှက်ရွံ့သွားခဲ့ပါတယ်။ လူအများရဲ့ အ‌ရှေ့မှာလည်း မိခင်ကြီးကို သူ့နဲ့ မသိကြောင်း ၊ သူ့မှာလည်း မိခင်မရှိကြောင်း သုံးကြိမ်တိုင်တိုင် အော်ဟစ် မောင်းထုတ်ခဲ့ပါတယ်။အဲ့ဒီနောက် မလင်ကန်ဒန့်ဟာ သူ့ရဲ့ အမှူထမ်းတွေနဲ့ အတူ ပင်လယ်ထဲကို ရွက်လွှင့်ထွက်လာခဲ့ပါတယ်။


သားဖြစ်သူရဲ့ သစ်စိမ်းစိမ်းချိုးတဲ့ အပြုအမူကြောင့် မိခင်ကြီးက စိတ်ဆိုးပြီး မလင်ကန်ဒန်ကို ကျိန်စာတိုက်ခဲ့ပါတယ်။ ပင်လယ်ထဲကို ရွက်လွှင့်ထွက်သွားတဲ့ မလင်ကန်ဒန်ရဲ့ သင်္ဘောကြီးဟာ မိခင်ကြီးရဲ့ကျိန်စာကြောင့် အပိုင်းပိုင်းကျိုးသွားတဲ့အထိ မုန်တိုင်းမိသွားခဲ့ပါတယ်။ အဲ့ဒီနောက် မလင်ကန်ဒန့်ဟာ သင်္ဘောပျက်ကြီးနှင့်အတူ မိခင်ကြီးရှိတဲ့ ကမ်းခြေကို ပြန်လည်မျောပါလာခဲ့ပါတယ်။


သူ့မိခင်ကို လျစ်လျူရှုခဲ့တဲ့ သူ့အမှားနဲ့ အပြစ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒဏ်ရာပြင်းထန်စွာရခဲ့တဲ့ မလင်ကန်ဒန့်ဟာ ​​သူ့အမေဆီကနေ ခွင့်လွှတ်ဖို့ ကုန်းမြေပေါ်ကို ဆင်းလာဖို့ ကြိုးစားခဲ့ပေမယ့် လက်နှစ်ဖက်နဲ့ ဒူးနှစ်ဖက်ကို တွားသွားရင်း ရုတ်တရက် ကျောက်တုံးကြီး ဖြစ်သွားခဲ့ပါတယ်။ အနောက်ဆူမာထရာရှိ Ail air manis ကမ်းခြေမှာတော့ ယနေ့ထိတိုင် လူရဲ့လက်အပါအဝင် ခန္ဓာကိုယ်နှင့် ဆင်တူတဲ့ ကျောက်တုံးကြီးက တွေ့ရှိနေရဆဲပါ။


#ကျိန်စာ
#မိခင်
#ကမ်းခြေ
#သင်္ဘော
#ပင်လယ်

Some text some message..