
အာတိတ်ဒေသဆိုတာ ကမ္ဘာကြီးရဲ့အအေးဆုံးအပိုင်း ဖြူလွှတဲ့ရေခဲပြင်ကြီးနှင့်အဖြူရောင်တိရိစ္ဆာန်လေးတွေ အများစုကျက်စားနေထိုင်ကြတဲ့နေရာပါ။ မြေခွေးအနွယ်ဝင် ဒီအာတိတ်မြေခွေးတွေဟာ နှင်းတွေထူထဲတဲ့ဆောင်းရာသီလိုကာလမှာဆိုရင် တစ်ကိုယ်လုံးဖြူဖွေးနေပြီးတော့ အရုပ်လေးတွေနှင့်တူတဲ့အကောင်လေးတွေပါ။

နွေရာသီလိုခြောက်သွေ့တဲ့ကာလရောက်လာပြီဆိုရင် သူတို့အမွှေးတွေဟာ အညိုရောင်သန်းတဲ့ဖက်ကိုကူးပြောင်းလာတတ်ပါတယ်။ ဒီမြေခွေးလေးတွေဟာ ကမ္ဘာမြေကြီးရဲ့ အစွန်ဆုံးကျတဲ့ဒေသတွေမှာ နေထိုင်ကျက်စားလေ့ရှိပါတယ်။ လမ်မင်ကြွက်ဟာဆိုရင် သူတို့အကြိုက်ဆုံးစားကောင်ဖြစ်ပြီးတော့ သားကောင်ဖမ်းဖို့ဆို နှင်းထဲခုန်ဝင်ဖမ်းတာမျိူးလည်း လုပ်နိုင်ကြပါတယ်။

ဒီမြေခွေးဖြူလေးတွေရဲ့သက်တမ်းကတော့ တော်တော်လေးကိုတိုတောင်းပါတယ်။ အလွန်ဆုံး ၄နှစ်လောက်အထိပဲ အသက်ရှင်ကြပြီးတော့ အဓိကအကြောင်းရင်းကအစာရေစာရှားပါးလာတာကြောင့်ပဲဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ အာတိတ်မြေခွေးတွေအတွက် နေစရာ စားစရာပိုပိုပြီး ရှားပါးလာပါတယ်။

၂၀၁၈တုန်းက အာတိတ်မြေခွေးမလေးတစ်ကောင်ဟာ ရေခဲပြင်တွေ ရေခဲတုံးကြီးတွေကိုဖြတ်ပြီး နေရာရွှေ့ပြောင်းဖို့ ကြိုးစားခဲ့ဖူးပါတယ်။ လက်ရှိအချိန်ထိ သူမရဲ့အခြေအနေနှင့်တည်နေရာကို အတည်တကျမသိရပေမဲ့ ဒီကိစ္စဟာ အာတိတ်မြေခွေးတွေရဲ့ နယ်မြေရှားပါးလာမှု အစာရေစာရှားပါးလာမှုတွေကို မီးမောင်းထိုးပြနေတဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။