
တူခေါင်းပုံအဆိပ်ရှိတဲ့တီကောင်တွေဟာ နာမည်အတိုင်းပဲ ခေါင်းကတူပုံသဏ္ဍာန်ဖြစ်နေပြီး ပါးလွှာတဲ့ကိုယ်ထည်ကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ အဆိပ်ရှိပြီး ရန်လိုတတ်တဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ပုံသဏ္ဍာန်က အခြားတီကောင်တွေနဲ့မတူဘဲ တမူထူးခြားနေတာကြောင့် မြင်လိုက်တာနဲ့ သင့်ကိုခြောက်ခြားစေနိုင်ပါတယ်။

ဒီလိုတီကောင်တွေရဲ့ အခြားထူးခြားချက်တစ်ခုက သူတို့ဟာ အသားစားသတ္တဝါတွေဖြစ်နေတာပါ။ ခန္ဓာကိုယ်ပျော့ပျောင်းတဲ့ တိရစ္ဆာန်တွေဖြစ်တဲ့ ခရု၊ ပက်ကျိနှင့် မြေသန်ကောင်တွေကို စားတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ သူတို့နဲ့မျိုးတူတဲ့ အခြားအကောင်တွေကိုလည်း စားသောက်တတ်ကြပါသေးတယ်။
ဒီလိုအဆိပ်ပြင်းပြီး အသားစားတဲ့သတ္တဝါတွေက လူတွေအတွက် အန္တရာယ်ရှိနိုင်လား..။ သူတို့ရဲ့အဆိပ်က အချို့ငါးတွေကို သေစေနိုင်တယ်ဆိုပေမယ့် လူသားတွေကိုတော့ အများကြီးထိရောက်မှုမရှိတဲ့အတွက် သေစေလောက်တဲ့ထိ မဖြစ်စေပါဘူး။ ဒါပေမယ့် အရွယ်အစားကြီးလာလေ အဆိပ်ပိုပြင်းလေဖြစ်တဲ့အတွက် သတိထားဖို့တော့လိုအပ်ပါတယ်။ ထူးခြားချက်ကတော့ သူတို့ဟာ (၁၈) လက်မခန့်ကြီးထွားနိုင်တဲ့အတွက် တစ်ခါတစ်ရံမြွေနဲ့ အထင်မှားတတ်ကြပါတယ်။

ဒီလိုတီကောင်တွေဟာ လူသားတွေအတွက် အန္တရာယ်တိုက်ရိုက်မဖြစ်နိုင်ပေမယ့် သူတို့ကျက်စားတဲ့ဒေသအချို့မှာ စိုက်ပျိုးရေးအထွက်နှုန်းနည်းစေတတ်ပါတယ်။ အကြောင်းကတော့ မြေသန်ကောင်နှင့် အခြားမြေဆီလွှာအတွက် အထောက်အကူဖြစ်စေတဲ့တိရစ္ဆာန်တွေကို ဖမ်းယူစားသောက်ခြင်းကြောင့်ဖြစ်ပါတယ်။