
ရှေးလူကြီးတွေရဲ့ ပြောပြချက်အရ တစ်ချိန်တုန်းက ရန်ကုန်ဟာ ရွှေတိဂုံဘုရားကို အခြေပြုထားတဲ့ တံငါရွာလေးတစ်ရွာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ တံငါရွာလေးကို အေဒီ ၆ ရာစုလောက်ကနေစတင်ပြီး ရွှေတိဂုံစေတီတော်ကြီးရဲ့ ဘွဲ့အမည်မှ ဆင်းသက်လာတဲ့ ဒဂုင်လွုင် အမည်ကို အစွဲပြုကာ မွန်လူမျိုးတွေက ဒဂုံ ဆိုပြီး ပြောင်းလဲတည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

၁ရ၅၅ ခုနှစ်မှာတော့ အလောင်းဘုရားဟာ ဒဂုံကို သိမ်းပိုက်ခဲ့ပြီး ရန်ကုန်ဆိုပြီး စတင်ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ကုန်းဘောင်ခေတ်၊ ကိုလိုနီးခေတ်တွေမှာ ရန်ကုန်ကို မြို့နယ်ခွဲပေါင်းများစွာနဲ့ ဖွဲ့စည်းပြီး မြို့ပြစနစ်တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ စာရေးဆရာတွေကြားမှာတော့ ရန်ကုန်ဖြစ်တည်လာတဲ့ သမိုင်းအကြောင်းကို အမျိုးမျိုးဖော်ပြကြတာ တွေ့ရပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့ရဲ့ မြို့နယ်ခွဲအမည်တွေဟာ အများအားဖြင့် မွန်ဘာသာကနေ ဆင်းသက်လာခဲ့တာပါ။ ဥပမာ -

(၁) ကမာရွတ်
ကမာရွတ်ဆိုတာ မွန်ဘာသာဖြစ်ပြီး ကမာဆိုတာ ရေကန် ၊ ရွတ် ဆိုတာ ရတနာ ဖြစ်ပါတယ်။ အဲ့ဒီနာမည်ဟာ ရှေးတုန်းက အင်းလျားကန်ကို ခေါ်တဲ့ "ရတနာကန်" ဆိုတဲ့ အမည်ဖြစ်ပါတယ်။
(၂) ကျောက်တံတား
ကျောက်တံတားလို့ အမည်တွင်လာရတာက ကုန်းဘောင်ခေတ်တုန်းက ဆူးလေတစ်ဝိုက်ဟာ ရေပတ်လည်ဝိုင်းနေတဲ့နေရာတွေပါ။ ဘုရားဘက်ကို ကူးဖို့အတွက် ကျောက်တံတားကြီးတစ်ခု ရှိခဲ့ဖူးရာကနေ ဒီနာမည် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
(၃) ကြည့်မြင်တိုင်
ကြည့်မြင်တိုင် အမည်ကလည်း မွန်ဘာသာ "ကမနျဋျုငျ" ကနေ ဆင်းသက်လာတာပါ။ အဓိပ္ပယ်ကတော့ မြို့ရိုးရှိတဲ့ မြို့လို့ ဆိုပါတယ်။

(၄) စမ်းချောင်း
မြို့နယ်ကို စတင်တည်ထောင်ချိန်မှာ အရင်က စမ်းချောင်းနေရာဟာ တောင်ကုန်းတွေရှိတဲ့ နေရာတွေပါ။ အဲ့ဒီတောင်ကုန်းတွေကြားမှာ စမ်းချောင်းကလေးတစ်ခု စီးဆင်းနေတာဖြစ်လို့ အဲဒီစမ်းချောင်းကို အစွဲပြုပြီး ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
(၅) မြေနီကုန်း
၁၈၄၁ ခုနှစ် သာယာဝတီမင်းလက်ထက်တုန်းက အောင်မြေရန်နှင် နန်းမြို့တည်ဆောက်စဉ် မြို့တော်တံခါးတွေထဲမှာ မြေနီကုန်းတံခါးဆိုတာ ရှိခဲ့ပါတယ်။ အဲဒီတံခါးကနေ ထွက်သွားတယ်ဆိုရင် အနီရောင်တောင်ကုန်းငယ်ကလေးကို တွေ့ရတာကြောင့် မြေနီကုန်းဆိုပြီး ဖြစ်လာခဲ့တာပါ။

(၆) ဆင်မလိုက်
ဟိုးရှေးတုန်းက အဲ့ဒီနေရာတွေဟာ နွံထူတဲ့အရပ်ဖြစ်တာကြောင့် ဆင်တွေဟာ အဲဒီနေရာရောက်တာနဲ့ အရှေ့ကို ဆက်မသွားနိုင်တာဖြစ်လို့ ဆင်မလိုက်ဆိုပြီး အမည်တွင်ခဲ့တာ ဖြစ်ပါတယ်။
(၇) တာမွေ
တာမွေဆိုတာက မွန်ဘာသာ တာမွေ ကနေ တိုက်ရိုက် ဆင်းသက်လာတာပါ။ သူ့ရဲ့ အဓိပ္ပယ်ကတော့ ထန်းပင်တစ်ပင် လို့ဆိုပါတယ်။
(၈) ပုဇွန်တောင်
ပုဇွန်တောင်ကလည်း မွန်ဘာသာ ပုဇွန်ဒေ ကလာတာပါ။ တောင်ကုန်းငါးခု လို့ အဓိပ္ပယ်ရပြီး အဲ့ဒီကုန်းတွေဟာ မလွှကုန်း ၊ မအူကုန်း ၊ သစ်ဆိမ့်ကုန်း ၊ ချစ်တီးကုန်း နဲ့ပုရွက်ဆိတ်ကုန်း တို့ဖြစ်ပါတယ်။

(၉) ဗဟန်း
ဗဟန်းဆိုတာကလည်း မွန်ဘာသာကနေ ဆင်းသက်လာပြီး အဝါရောင်ရှိတဲ့မြေလို့
အဓိပ္ပယ်ရပါတယ်။
(၁၀) လမ်းမတော်
လမ်းမတော်ဟာ သာယာဝတီမင်း ရန်ကုန်မြို့ကိုကြွလာစဉ်တုန်းက သင်္ဘောဆိပ်ကနေ အောင်မြေရန်နှင်နန်းမြို့ကို သွားတဲ့လမ်းဖြစ်ပါတယ်။ ဘုရင်သွားတဲ့လမ်းမ ဖြစ်တာကြောင့် တော်တပ်ခေါ်ရာနေ လမ်းမတော် ဆိုပြီးဖြစ်လာပါတယ်။

ဒီမြို့နယ်တွေရဲ့ နာမည်ကို ကြည့်ခြင်းဖြင့် အရင်က ရန်ကုန်မြို့ဟာ မွန်လူမျိုးတွေ ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် နေထိုင်ခဲ့သလဲဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် မြို့နယ်တွေ ဒီလို နာမည်တွင်လာတဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ဖော်ပြချက်တွေက ကွဲပြားနေတာကိုလည်း တွေ့ရပါတယ်။ လူကြီးမင်းတို့ အနေနဲ့လည်း ရန်ကုန်မြို့ရှိ မြို့နယ်တွေ ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းတွေ သိရင်လည်း ပြောပြပေးခဲ့ပါဦးနော်။