
ဆိုက်ဘေးရီးယားမှာရှိတဲ့ Batagay ဧရာမချိုင့်ကြီးကို “မြေအောက်ကမ္ဘာရဲ့တံခါးဝ” လို့ လူအများကခေါ်ဆိုကြပါတယ်။ အဆိုပါချိုင့်ကိုဇူလိုင် (၁၁) ရက်က Drone နဲ့ ရိုက်ကူးခဲ့ပြီး လေ့လာသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ကြီးမားကျယ်ပြန့်ပြန့်ပြီး ကြောက်စရာကောင်းတဲ့ အဆိုပါနေရာကို ချိုင့်ခွက်ပေါများတဲ့ကမ္ဘာ့အကြီးဆုံးလေဖိအားနည်းရပ်ဝန်းမြေလွှာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

အဆိုပါချိုင့်ဟာဘောလုံးကွင်း (၁၄၅) ကွင်းစာလောက်ရှိပြီး ၀.၃ စတုရန်းမိုင် (၀.၈ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပါတယ်။အရှေ့ဆိုက်ဘေးရီးယားသစ်တောတစ်လျှောက် နက်နဲတဲ့အမာရွက်ကြီးလိုဖြစ်နေတဲ့ အဆိုပါချိုင့်ကြီးဟာ၁၉၄၀ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှုကြောင့် အစပျိုးလာတာဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။သစ်တောပြုန်းတီးမှုကြောင့် ရာသီအပြောင်းအလဲမှာ မြေဆီလွှာတိုက်စားမှုပိုများစေပြီး ဧရာမချိုင့်ခွက်ကြီးကိုဆိုးရွားစေပါတယ်။ အဆိုပါဒေသမှာရှိတဲ့ မြေလွှာ ၈၀ ရာခိုင်နှုန်းကိုလည်း ရေခဲတွေနဲ့ဖွဲ့စည်းထားတာကြောင့်တောင်စောင်းအနည်အနှစ်တွေပျော်ကျပြီး အခုလိုကြောက်စရာကောင်းတဲ့ ချိုင့်ခွက်ကြီးတစ်ခုဖြစ်ပေါ်လာတာဖြစ်ပါတယ်။

အခုလိုDrone နဲ့လေ့လာခါမှ ချိုင့်ခွက်ရဲ့ကြီးထွားမှုကိုတွေ့ရတာ မဟုတ်ဘဲ ဂြိုလ်တုဓာတ်ပုံတွေကိုလေ့လာချက်အရအဆိုပါချိုင့်ခွက်ကြီး တဖြည်းဖြည်းကြီးထွားလာကြောင်း သတိပြုမိခဲ့ကြပါတယ်။ လေ့လာမှုတစ်ခုမှာနှစ်ပေါင်း ၈၀၀၀ ခန့်အေးခဲနေတဲ့ နွားထီးတွေရဲ့ အသားစတွေကို တွေ့ရှိခဲ့ကြသလို အဆိုပါဒေသမှာကျက်စားခဲ့ကြတဲ့ တိရိစ္ဆာန်နှင့် အပင်တွေကို လေ့လာနိုင်ဖို့ လမ်းစတွေလည်း တွေ့ရှိခဲ့ကြပါတယ်။

အဆိုပါချိုင့်ခွက်အရွယ်အစားနှင့်အမြင့်ဟာ ဘယ်လောက်တိုးလာလဲဆိုတာ သိပ္ပံပညာရှင်တွေက အတိအကျမသိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်းအမြင့် ၆၆ ပေမှ ၉၈ ပေ (၂၀ မီတာ မှ ၃၀ မီတာ) ကြား ကြီးထွားလာတဲ့အကြောင်း လေ့လာသူတွေကပြောထားပါတယ်။