
ရှည်လျားတဲ့ တစ်ဆက်တည်း ကိုယ်ခန္ဓာနဲ့ ပင်လယ်သခွားကောင်များဟာ ကမ္ဘာတစ်ဝှမ်းတွင် မျိုးခွဲပေါင်း ၁၇၈၆ မျိုးရှိတဲ့ Holothuroidea မျိုးစိတ်မှ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။အဏ္ဏဝါဂေဟစနစ်တွင် အသုံးဝင်တဲ့ကဏ္ဍမှ ပါဝင်ပြီး organic ပစ္စည်းများကို ချေဖျက်ကာ ဘက်တီးရီးယားများ ဆွေးမြေ့အောင် လုပ်ဆောင်ပေးကြပါတယ်။ အရေပြားအောက်တွင် ဘုံအရိုးငြမ်း တစ်ခုပါဝင်တဲ့ ပင်လယ်သခွားကောင်များကို အာရှ-ပစိဖိတ်ဒေသများတွင် များစွာတွေ့ရပါတယ်။

ပျော့ပျောင်းပြီး ဆလင်ဒါပုံစံခန္ဓာကိုယ် နဲ့ ပုံမှန်အားဖြင့် ၁၀ မှ ၃၀ စင်တီမီတာ ( ၄ - ၁၂ လက်မ ) ထိရှည်လျားပါတယ်။ အကြီးဆုံး ပင်လယ်သခွားကောင်မှာ ၃ မီတာ ( ၁၀ ပေ ) ထိရှိပြီး ဝတုတ်နေသော မြွေပုံစံ ၊ ဝက်အူချောင်းပုံစံ တို့ ရှိကြပါတယ်။ ပါးစပ်တွင် အစားအစာများကို စုပ်ယူနိုင်တဲ့ စုပ်ခွက်ကွင်းများ ပါရှိပြီး နေရာဒေသကို လိုက်၍ အရောင် များကွဲပြားနိုင်ပါတယ်။ ၈.၉ ကီလိုမီတာ ( ၅.၅ မိုင် ) ထက်ပိုနက်တဲ့ ပင်လယ်ကြမ်းပြင်များတွင် အများအပြားတွေ့ရပါတယ်။ plankton ၊ ပုစွန် ၊ ငါးသေး ၊ ဂဏန်းငယ် များကို စားသုံးကြပြီး သူတို့မှာ Holothurins အဆိပ်ဓာတ်များပါဝင်တာကြောင့် သားကောင်များကို အကြောသေ လှုပ်ရှားမှုရပ်တန့်စေနိုင်ပါတယ်။

တရုတ်နိုင်ငံတွင် ပင်လယ်သခွားများကို စားသောက်ဖွယ်ရာအဖြစ် စားသုံးကြပြီး ပြင်ပသို့လည်း တင်ပို့ရောင်းချကြပါတယ်။ ပင်လယ်သခွားမှ ရရှိသော ဒြပ်ပေါင်းများသည် ကင်ဆာ ၊ အဆစ်အမြစ်ရောင်ရောဂါတို့ကို ကုသရာမှာ အထောက်အကူဖြစ်စေတယ်လို့လည်း ဆိုကြပါသေးတယ်။ အိန္ဒိယနိုင်ငံရှိ အစိုးရကတော့ ၂၀၂၀ ခုနှစ်မှာ ပင်လယ်သခွားမျိုးစိတ်များကို ကာကွယ်ရန် ကမ္ဘာ့ပထမဆုံး ပင်လယ်သခွားထိန်းသိမ်းရေးနယ်မြေကို တည်ထောင်ခဲ့ပြီး ပင်လယ်သခွားများကို စီးပွားဖြစ်ဖမ်းယူခြင်းများကို တားမြစ်ခဲ့ပါတယ်။