သွားမပါတဲ့ ကြက်ဟင်းခါးသီးငါးရဲ့ လူသိနည်းတဲ့ ထူးခြားချက်တွေ
mmload.com
|
2024-04-08

ကြက်ဟင်းခါးသီးငါးလို့ ခေါ်ကြတဲ့ Grouper fish တွေဟာ Serranidae မျိုးရိုးကနေ ဆင်းသက်လာပြီး သိပ္ပံနာမည်ကတော့ Epinephelinae ပဲ ဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးငါးတွေကို ကာရေဘီယံ နဲ့ မြောက်အတ္တလန္တိတ်အနောက်ပိုင်းတို့ရှိ အပူပိုင်းဒေသ ရေပြင်တွေရဲ့ သန္တာကျောက်တန်းများ ၊ ကျောက်ဆောင်များစတဲ့ အကာကွယ်ရှိ‌တဲ့နေရာတွေမှာ တွေ့ရပါတယ်။ တောင့်တင်းတဲ့ ခန္ဓာကိုယ် ၊ ကြိးမားတဲ့ ပါးစပ် ၊ ပြူးထွက်နေတဲ့ မျက်လုံး နဲ့ Grouper တွေဟာ တန်ဖိုးလည်း အတော်ကို ကြီးမားကြပါတယ်။


Grouper fish တွေရဲ့အသားဟာ ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး အမိုင်နိုအက်ဆစ် ၊ သတ္တုဓာတ် ၊ ဗီတာမင် နဲ့ ဖက်တီးအက်ဆစ်‌တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် နူးညံ့ပြီး ချိုတဲ့ အရသာရှိပါတယ်။ ဒါ့အပြင် အကြောအရိုးများမပါဝင်ဘဲ ကြက်သားကဲ့သို့ စားလို့ ကောင်းလှပါတယ်။ ဒီငါးတွေဟာ အများအားဖြင့် အရှည် ၆ပေ ( ၁.၉ မီတာ ) ရှိပြီး အလေးချိန် ၄၄၀ ပေါင်နီးပါးအထိ ‌ရှိပါတယ်။ အာဟာရပေါများတဲ့ ပင်လယ်နက်ပိုင်းတွေမှာ ပျမ်းမျှ နှစ် ၃၀ မှ ၅၀ အထိ ရှင်သန်နိုင်ကြတဲ့ Grouper fish တွေကတော့ တစ်ခုတည်း‌သော အ‌နောက်ပိုင်းဆူးတောင်ရေယက်ငယ် ၁၀ ခုပါရှိတဲ့ ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။


ငါး ၊ ရေဘဝဲ နဲ့ crustacean တွေကို အဓိကစားကြပြီး သူတို့ရဲ့ ပါးစပ် နဲ့ ပါးဟက်တွေဟာ အဝေးက သူတို့ရဲ့ သားကောင်ကို ဆွဲယူနိုင်တဲ့အထိ အားကြီးကြပါတယ်။ ထူးခြားချက်ကတော့ Grouper fish တွေဟာ အဆိပ်ရှိ သန္တာကျောက်တန်းငါးတစ်မျိုးဖြစ်တဲ့ အနီရောင်ခြ‌င်္သေ့ငါးတွေကို စားနိုင်တဲ့ တစ်ခုတည်းသော တိရစ္ဆာန်လည်း ဖြစ်ပါတယ်။ ကြီးမားတဲ့ ပါးစပ်ပါပေမယ့် သွားတွေမပါတာကြောင့် အကောင်လိုက်မြိုကြပြီး အာခေါင်ပိုင်းမှာမှ အစာချေဖျက်တဲ့ သွားပြားတွေရှိတဲ့ ရှားပါးငါးမျိုးစိတ်ထဲက တစ်မျိုးလည်း ဖြစ်ပါတယ်။ မျိုးစိတ်ခွဲပေါင်း‌များစွာ ရှိတဲ့ ကြက်ဟင်းခါးသီးငါးတွေကတော့ လက်ရှိမှာ အကောင်ရေလျော့နည်းလာတာကြောင့် ထိန်းသိမ်းရမယ့် ငါးမျိုးစိတ်လေးတစ်မျိုးပဲ ဖြစ်ပါတယ်။



#ခန္ဓာကိုယ်
#အက်ဆစ်
#ငါးမျိုးစိတ်
#သန္တာကျောက်
#ကြက်ဟင်းခါးသီး

Some text some message..